Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း ကျေးရွာနှစ်ခုအား စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာသား ၄ ဦးကို ဖမ်းဆီး
DVB
·
November 12, 2022
314405875_896835411482352_3210869776790562840_n

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာနဲ့ တန်းခိုးကျေးရွာတွေကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းတခုက ဝင်လာပြီး ကျေးရွာသား ၄ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ကျေးရွားသားတွေက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ ညနေ ၃ နာရီလောက်မှာ ကျွဲထိုးကျေးရွာထဲကို ဝင်လာပြီး ရွာထဲက ဆိုင်တွေက စားကုန်းတွေကို လုယူကာ ရွာသား ၁ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ကျွဲထိုးကျေးရွာသားတဦးကပြောပါတယ်။

"ရွှေမင်းဂံဘက်ကလာတဲ့ စစ်ကြောင်းတစ်ခုဟာ ရွာထဲကို ၃ နာရီလောက်မှာ ရွာထဲက ဆိုင်တွေက စားကုန်တွေ အရက်တွေ ဘီယာတွေကြက်တွေကို လုယူသွားကြတယ်။ ရွာဦးကျောင်းက ဆရာတော်ဆီကလည်း ဖုန်းတလုံး လုယူသွားကြတယ်။ နောက်တန်းခိုးရွာကို စစ်ကြောင်းထိုးဖို့ ရွာက ဦးထွန်းလှအေးကို လူသားဒိုင်ကာအဖြစ်ဖမ်းဆီးသွားတယ်"လို့ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျွဲထိုးက ထွက်လာပြီး တန်ခိုးကျေးရွာထဲဝင်ကာ ရွာသား ၃ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

"ရွာထဲကို စစ်ကြောင်းက ၃ နာရီ ၄၅ လောက်မှာ ဝင်ပြီးတော့ ရွာသား ၃ ဦးကို ဖမ်းဆီးထားတယ်။ အခု အဲဒီ ၃ ဦးကို စစ်ကြောင်းနဲ့အတူ ပုဏ္ဏားကျွန်းဘက်ကို ထွက်သွားကြတယ်။ စစ်ကြောင်းမဝင်ခင်မှာလည်း ရွာထဲကို ဒရုန်းနဲ့လာပြီးတော့ ဗုံးနှစ်လုံ ချသွားတယ်။"

တန်ခိုးကျေးရွာက ဖမ်းဆီးခံထားရသူတွေမှာ  ဦးမောင်ဝင်းကြိုင်၊ ဦးမောင်သိန်းနဲ့ ဦးဦးမောင်သိန်း တို့ ဖြစ်ကြပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းဟာ တန်းခိုးကျေးရွာကနေ့ ကျော်ဇံကျေးရွာဘက်ကို ကူးတို့ကူးသွားပြီး ပုဏ္ဏားကျွန်းမြို့ဘက်ကို ကူသွားတယ်လို့ တန်းခိုးကျေးရွာသားတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၂ ရက်မနက်ပိုင်းက ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်းတွေ ရွာအနားမှာ ကျရောက်တာကြောင့် ကျွဲထိုးကျေးရွာ၊ တန်းခိုးကျေးရွာနဲ့ ကျော်ဇံကျေးရွာတွေက ဒေသခံ သုံးထောင်ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024