DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကြောင်း ၄ ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ
DVB
·
November 12, 2022
စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကြောင်း ၄ ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ
Donate to DVB

တိုက်ပွဲကြီးကြီးမားမားမရှိခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာပါ စစ်ကောင်စီက တိုက်ပွဲဖော်ဆောင်လာတာဟာ KIA နဲ့ ညှိနှိုင်းစရာမရှိတော့တဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ပင်ခုတ်၊ နထယ်၊ နချော့ကျေးရွာတွေအနီးက PDF တွေကို စစ်ကောင်စီက စစ်ကြောင်း ၄ ခုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

အဲ့ဒီနယ်မြေကို အဓိကအားဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ပစ်ခတ်တာတွေ ခဏရပ်တန့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း ၆ မြို့နယ်ဟာ စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ နာဂလက်နက်ကိုင်အဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အသီးသီး နယ်မြေထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းတခုလုံးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမယ့် အဲဒီဒေသ ၆ မြို့နယ်မှာ ၂၀၂၂ ဇွန်လအထိ တိုက်ပွဲတွေကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး။ 

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ပြန်တက်ဖို့ ဆွဲဆောင်ချင်တဲ့အတွက် အဲ့ဒီဒေသမှာ တိုက်ပွဲတွေမဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ညှိနှိုင်းစရာအလားအလာမရှိတော့တဲ့အတွက် PDF၊ KIAနဲ့ ရှမ်းနီ၊ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

စစ်ကိုင်းဒေသခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက  "စစ်ကိုင်းတိုင်းအထက်ပိုင်းမှာက Ethnic Politic က စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ထက်ပိုပြီးတော့ ရှုပ်ထွေးတယ်။ ရှမ်းနီအဖွဲ့ရှိတယ်။ နာဂအဖွဲ့တွေရှိတယ်။ ကချင် KIA ရှိတယ်။ အဲ့ဘက်မှာ Ethnic Politic ရှုပ်ထွေးတဲ့အခါကြတော့ အဲ့ဒီနယ်တွေမှာ စစ်ကောင်စီဘက်က သူတို့ကစားတဲ့ နည်းဗျူဟာက ပုံစံတမျိုးဖြစ်မယ်။ စောနကပြောသလို လူမျိုးစုအဖွဲ့တွေလည်း အများကြီးရှိတဲ့အခါကြတော့ အဲ့ဒီဟာတွေအပေါ်မှာ သူတို့က မကိုင်တွယ်ရဲဘူးဆိုတာထက်ကို ဗျူဟာတမျိုးနဲ့ပြောင်းပြီးကစားတယ်ပေါ့။" လို့ ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီနဲ့အတူ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်နေတာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြုပါတယ်။  

တိုက်ပွဲအခြေအနေ ရှုပ်ထွေးနေတုန်းဖြစ်တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတိအကျမသိရသေးပေမယ့် PDF တွေဘက်က အထိအခိုက်များတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေကိုပါ အ သုံးပြုခဲ့ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

ဟုမ္မလင်းဒေသခံတဦးက "စစ်ကောင်စီနဲ့ ရှမ်းနီတွေက PDF တွေနဲ့ KIA ကိုသွားပစ်တယ်။ လေယာဉ်သုံးတယ်ပြောတယ်။ တချို့က ၃ စီး၊ တချို့က ၅ စီးတဲ့ပြောကြတယ်။ လေယာဉ်တစင်းပျက်ကျတယ်လည်းပြောတယ်။ မသေချာလား သေချာလားတော့မသိသေးဘူး။ ရွာသားတွေကတော့ ပြေးကြတာပေါ့။ ဘုန်းကြီးကျောင်းမှာ သွားနေကြတာ။ PDF တွေ တော်တော်များတယ်တဲ့။ ဘယ်အဖွဲ့ကလည်းတော့မသိသေးဘူး" လို့ ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ ဌာနချုပ်နယ်မြေ (ဖားကန့်) မှာ ပြုလုပ်နေတဲ့ KIO အထိမ်းအမှတ်နေ့ အကြိုဂီတပွဲကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် ညှိနှိုင်းစရာမရှိတော့တဲ့ အခြေအနေဖြစ်ခဲ့တာပါ။ 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်အဆိုတော်၊ လုပ်ငန်းရှင်၊ ပြည်သူနဲ့ KIA စစ်ဘက်တာဝန်ရှိသူစုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့တိုက်ခိုက်မှုဟာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIA ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဟုမ္မလင်း PDF ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013