
မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းက ပျူစောထီးတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၆ ယောက် သေဆုံးပြီး ၃ ယောက်ဒဏ်ရာ ရခဲ့တယ်လို့ မြိုင် ပ.က.ဖကနေသိရပါတယ်။
သရက်ကန်ရွာနဲ့ ၃ ဖာလုံလောက်အကွာမှာ စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ မြေပဲခင်းတွေကို ဖော်ယူနေတဲ့ ပျူစောထီး ၁၀ ယောက်ကို ကင်းပုန်းဝပ်စောင့်ပြီး ဒီနေ့ မနက် ၇ နာရီကျော် လောက်မှာ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် သရက်ကန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ဆေးပင်ကြီးရွာနားမှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့တဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေး ရဲဘော် ၅ ယောက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။