
ရခိုင်ပြည်နယ် စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ပြီး ကွန်ပျူတာသင်တန်း၊ ဂျပန်၊ အင်္ဂလိပ်၊ ကိုရီးယားစကားပြောသင်နေကြတဲ့ တက္ကသိုလ်ကျောင်းသား ၅ ဦးအပါအဝင် လူငယ် ၉ ယောက် နိုဝင်ဘာ ၁၁ ရက် ညခန်ခေါင် ၁၂ နာရီကျော်က စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မျက်မြင်ဒေသံတဦးက "အဖမ်းခံတဲ့ လူငယ် ငါးဦးက အဝေးသင်တက္ကသိုလ်စာမေးပွဲပြီးလို့ သင်တန်းတွေတက်ပြီး ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြတာ။ နောက်လူငယ် လေးဦးမှာ တဦးက ဆိုင်ကယ်ဝပ်ရှော့လုပ်တယ်။ နောက်သုံးဦးက တွဲသုံးဘီးမောင်းနေကြသူတွေပါ" လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်က ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှာ နေထိုင်သူ လူငယ် ၆ ယောက်နဲ့ အသောကရာမ ဘုန်းတော်ကြီးကျောင်းမှ လူငယ် ၃ ယောက်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းမှ ဖမ်းဆီးခံရသူ ၆ ဦးအနက် ပုဏ္ဏားကျွန်းမြို့နယ် မြသောက်ကျေးရွာနဲ့ ပဲစိနန်းကျေးရွာတို့က အသက် ၂၀ ကျော်အရွယ် မောင်ဘိုအောင်ခင်၊ မောင်အောင်လင်းစိုး၊ မောင်စိုးမင်းမောင်အောင်ငြိမ်း၊ မောင်ဇော်လှိုင်ဦးတို့ ၅ ဦးမှာ စကားပြောသင်တန်း တက်ရောက်နေသူတွေဖြစ်ပါတယ်။
ကျောက်တော်မြို့နယ် ခွဆုံကျေးရွာမှ မောင်ကံစိုးကတော့ ဆိုင်ကယ်ဝပ်ရှော့တခုမှာ ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အသောကရာမဘုန်းတော်ကြီးကျောင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၃ ယောက်ကတော့ ဘေးတွဲဆိုင်ကယ်မောင်းသူတွေ ဖြစ်ကြတယ်လို့ သံဃာတော်တွေဆီက သိရပါတယ်။
"ဒီလူငယ်တွေကို ဘာကြောင့် ဖမ်းတာလဲတော့ မသိရသေးဘူး။ မိဘတွေဆီကိုတော့ အကြောင်းကြားပေးထားတယ်။ လမ်းတွေပိတ်ထားတော သူတို့မိဘတွေလည်း မလာနိုင်ကြသေးဘူး" လို့ ဆရာတော်တပါး မိန့်ပါတယ်။
လက်ရှိ သူတို့ ၉ ယောက်ကို စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က အရပ်သား ၇ ယောက်ကို နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက ပန်ဇင်တံတားနား ဝါးဆိပ်ကမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး နိုဝင်ဘာ ၁၂ ရက်မှာ ၁ ယောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီ ၇ ယောက်ကို အေအေနဲ့ဆက်စပ်တယ်ဆိုတဲ့ သံသယရအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတယ်လို့ သတင်းအရ စားသောက်ဆိုင်မှာ စီးနင်း ရှာဖွေဖမ်းဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင် ဘူးသီးတောင်ဒေသခံတဦးက “သူတို့အားလုံးကို မနေ့က နေ့လယ် ၁ နာရီလောက်မှာ ဝါးဆိပ်ကမ်းက ဘော်တလ်ယူနိုက်တက်စားသောက်ဆိုင်ထဲကနေ အမှတ်(၁)စစ်ဗျူဟာက လာဖမ်းသွားတာ" လို့ ပြောပါတယ်။
ဖမ်းခံရသူတွေကတော့ ထွေ/အုပ်စာရေး ၂ ယောက်ဖြစ်တဲ့ ဦးမြတ်ဇော်ဦးနဲ့ ဦးအောင်နိုင်စိုး၊ ကျေးလက်ဌာနဝန်ထမ်း ဦးဇော်မျိုးသူ၊ ကျောင်းဆရာ ဦးအောင်နိုင်၊ ဦးဇော်လှိုင်ဦး၊ ဦးလွင်မျိုးသန်းနဲ့ ဦးမင်းမြတ်ကျော်တို့ဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ကျေးလက်ဦးစီးဌာနမှ ဦးဇော်မျိုးသူကိုတော့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူ ဘူးသီးတောင်မြို့ အမှတ် (၃) ရပ်ကွက်နေ ဦးမင်းမြတ်ကျော်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ၁ နာရီကျော်ကြာ ဝင်ရောက်ရှာဖွေခဲ့ပြီး ဦးမင်းမြတ်ကျော်ပိုင်တဲ့ မှန်လုံကား ၂ စီးကို သိမ်းဆည်းသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။