DVB Logo
Home
မြန်မာသတင်း
မြန်မာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဩစတြေးလျဗဟိုရဲတပ်ဖွဲ့ လွှတ်တော်၌ မေးခွန်းထုတ်ခံရ
DVB
·
November 12, 2022
မြန်မာရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဩစတြေးလျဗဟိုရဲတပ်ဖွဲ့ လွှတ်တော်၌ မေးခွန်းထုတ်ခံရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဩစတြေးလျ ဗဟိုရဲတပ်ဖွဲ့ဟာ  စစ်ကောင်စီဩဇာခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ရှိနေကြောင်း ABC သတင်းမှာ ဖော်ပြပါတယ်။

ဩစတြေးလျလွှတ်တော်မှာ ဘဏ္ဍာရေးဆိုင်ရာစစ်ဆေးမေးမြန်းချိန်အတွင်း ဂရင်းစ်ပါတီရဲ့ လွှတ်တော်အမတ် ဂျော်ဒန်စတီးလ်ဂျွန်က ဩစတြေးလျဗဟိုရဲတပ်ဖွဲ့ (AFP) ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း စစ်မေးစဉ်မှာ ဒီအချက်တွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျ ဗဟိုရဲဌာနရဲ့ လက်ထောက်ရဲချုပ် အီယန်မက္ကာနေက“သင်ကြားရေးနဲ့ စွမ်းရည်မြှင့်တင်ရေးလို ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်တာမဟုတ်ဘဲ ဩစတြေးလျဗဟိုရဲတပ်ဖွဲ့အတွက် စိတ်ဝင်စားစရာကိစ္စဖြစ်တဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုလိုမျိုးမှာ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်”လို့ ဖြေရှင်းချက်ပေးပါတယ်။

“တားမြစ်ချက်တွေရှိပေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတော့ရှိပါတယ်။ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတိုင်းဟာ တားမြစ်ချက်တွေကို ချိုးဖောက်ရာမရောက်စေဖို့အတွက် ဩစတြေးလျနိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာန (DFAT) ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ပါတယ်” လို့ လက်ထောက်ရဲချုပ် အီယန်မက္ကာနေက ပြောပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရအောင် မေးမြန်းဖို့ DFAT ကို ABC သတင်းဌာနက ဆက်သွယ်တာကိုတော့ ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဩစတြေးလျ ဗဟိုရဲတပ်ဖွဲ့ရဲ့ ရဲချုပ် ရီးစီခါရှောကလည်း မှောင်ခိုမူးယစ်ဆေးပမာဏဟာ နိုင်ငံတော်လျှိ့ဝှက်ချက်ဖြစ်ပြီး သတင်းထောက်လှမ်းရေးဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဩစတြေးလျအစိုးရဟာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလျော့ချခဲ့သလို စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို အာဏာသိမ်းပြီးတစ်လအကြာ ပြီးခဲ့တဲ့နှစ် မတ်လတည်းက ရပ်တန့်ခဲ့ခဲ့အပြင်  အခုနှစ် မေလကနေစတင်ကာ သံတမန်ဆက်ဆံရေးကိုလည်း  လျှော့ချခဲ့ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ် အပါအဝင် လူပေါင်း ၁၆၀၀၀ ကျော်ကို မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မတရားဖမ်းဆီးထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်ကို စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပါအဝင် ဆိုးရွားစက်ဆုပ်ဖွယ် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေအတွက် စွပ်စွဲခံထားရတာလို့ လွှတ်တော်အမတ် စတီးလ်ဂျွန်က ABC သတင်းဌာနကို ပြောပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့  မြန်မာရဲတပ်ဖွဲ့နဲ့ ဆက်ဆံရေးရှိနေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဩစတြေးလျအစိုးရဟာ မြန်မာစစ်တပ်ကို ပိတ်ဆို့ဒဏ်ခတ်ရမှာဖြစ်ပြီး အလုပ်တွဲလုပ်ရမှာ မဟုတ်ဘူးလို့ လွှတ်တော်အမတ်က ပြောပါတယ်။ 

ဩစတြေးလျအစိုးရဟာ မြန်မာစစ်အာဏာရှင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှုတွေဆောင်ရွက်ဖို့ လေ့လာသုံးသပ်နေတယ်လို့ မကြာခဏပြောနေပေမဲ့ လက်တွေ့မှာတော့ မြန်မာစစ်အာဏာရှင်တွေအပေါ် စီးပွားရေးပိတ်ဆို့မှု အသစ်ချမှတ်တာ မရှိသေးပါဘူး။

ဩစတြေးလျမဟာဗျူဟာမူဝါဒါလေ့လာရေးဌာနရဲ့ တရားဥပဒေစိုးမိုးရေး မဟာဗျူဟာမြောက် မူဝါဒချမှတ်ရေးအစီအစဉ်ခေါင်းဆောင်သူ ဒေါက်တာဂျွန်ကွိုင်ကတော့ သတင်းအချက်အလက်တွေရရှိနိုင်ရေးအတွက် မြန်မာနဲ့ အီရန်လို နိုင်ငံတွေနဲ့ ဆက်ဆံရေးရှိနေဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ 

“တခါတလေဆို ကျနော်တို့ဆက်ဆံနေရတဲ့ ရဲတွေကိုယ်တိုင်က အကျင့်ပျက်ချစားမှုတွေမှာ ပါဝင်ပြီးတော့ အုပ်စုဖွဲ့စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေ ဖြစ်နေတာကြောင့် တော်တော်သတိထားဆောင်ရွက်ရတယ်” လို့  ဒေါက်တာဂျွန်ကွိုင်က ပြောပါတယ်။

တကယ်လို့သာ ဒီသတင်းအချက်အလက်တွေမရရင် ဩစတြေးလျထဲကို ဝင်လာမယ့် မူးယစ်ဆေးဝါးတွေကိုလည်း တားနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ 

လူ့အခွင့်အရေးလှုပ်ရှားသူအဖွဲ့ဖြစ်တဲ့ Justice for Myanmar ကလည်း ဩစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ရဲတပ်ဖွဲ့ကြားမှာရှိနေတဲ့ ဆက်ဆံရေးတွေကို ချက်ခြင်းရပ်ဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ မြန်မာစစ်ရာဇဝတ်ဂိုဏ်းရဲ့ လက်အောက်ခံဖြစ်ပြီး သူတို့ကိုယ်တိုင်က လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေသလို၊ ငွေကြေးခဝါချတာတွေ၊ မူးယစ်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်ပြီး အကျိုးအမြတ်ရှာနေကြတာဖြစ်တယ်လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောပါတယ်။ 

မြန်မာစစ်ကောင်စီနဲ့ သတင်းအချက်အလက်တွေမျှဝေခြင်းအားဖြင့် ဩစတြေးလျဗဟိုရဲတပ်ဖွဲ့ဟာ မြန်မာနိုင်ငံက ဒီမိုကရေအရေးတိုက်ပွဲဝင်နေသူတွေအပေါ်အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။

ဩစတြေးလျ အနေနဲ့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုတာ၊ မြန်မာနိုင်ငံသားတွေရဲ့ စစ်တပ်ကို ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းလာရေး ကြိုးစားနေမှုတွေကို အားပေးတာကနေ မူးယစ်ဆေးပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့လည်း ပြောပါတယ်။

Ref- ABC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013