DVB Logo
Home
မြန်မာသတင်း
စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားသဖြင့် ကုန်စိမ်းပြတ်လပ် ဈေးတက်
DVB
·
November 12, 2022
စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်းပိတ်ထားသဖြင့် ကုန်စိမ်းပြတ်လပ် ဈေးတက်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်း ပိတ်ထားတာကြောင့် စစ်တွေမှာ ကုန်စိမ်း ဟင်းသီးဟင်းရွက်တွေ ပြတ်လပ်ပြီး စျေးမြင့်တက်နေလို့ ပြည်သူတွေ အခက်တွေ့နေရတယ်လို့ သစ်သီးပွဲရုံပိုင် ရှင်တွေနဲ့ ဟင်းသီးဟင်းရွက်ရောင်းချသူတွေက ပြောပါတယ်။

စစ်တွေမှာ သစ်သီးမျိုးစုံရောင်းတဲ့ အမျိုးသမီးတယောက်က “လက်ကျန်တွေကို ရောင်းနေရတာ။ ဒီနေ့တရက်စာပဲ ကျန်တော့တယ်။ ကားလမ်းတွေ ပိတ်ထားတယ်ဆိုတော့ မနက်ဖြန်ဆိုရင် ရောင်းစရာမကျန်တော့ဘူး။ ဟင်းသီးဟင်းရွက်တွေလည်း မကျန်တော့ဘူး။ ငရုတ်သီးက စျေးအမြင့်ဆုံးဖြစ်နေတယ်။ ရခိုင်မှာက ဆောင်းရာသီမှ စိုက်ပျိုးသီးနှံတွေ စိုက်ကြတာ။ ရန်ကုန်ကလာတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ အားထားနေကြရတာလေ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ရဲ့ စစ်ရေးပဋိပက္ခကြောင့် စစ်တွေ-ပုဏ္ဏားကျွန်းလမ်းကို နိုဝင်ဘာ ၁၀ ရက် မနက်ကစပြီး အကန့်အသတ်မရှိ စစ်ကောင်စီက ပိတ်ထားလိုက်တာကြောင့် ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေ အပါအဝင် ကားအစီးရေ ၂၀၀ လောက်အထိ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဆောင်းရာသီမှသာ ဟင်းသီးဟင်းရွက်နဲ့ ဆောင်းသီးနှံတွေ စိုက်ပျိုး ကြရတာကြောင့် မန္တလေး၊ ရန်ကုန်၊ အောင်ပန်း စတဲ့မြို့တွေက အသီးအနှံတွေကို ရခိုင်ပြည်သူတွေ မှီခိုနေကြရတာပါ။

ကားလမ်းတွေကို အမ်းမြို့နယ်မှ စတင်စစ်ဆေးပြီး အဆင့်ဆင့်စစ်ဆေးခံရကာ ကျောက်တော်စစ်ဆေးရေးဂိတ်မှာ တညအိပ်ရသလို စစ်တွေမြို့အဝင် ကျောက်တန်းစစ်ဆေးဂိတ်မှာပါ တညထပ်အိပ်နေရတာကြောင့် ကုန်စိမ်းတွေ ပျက်စီးပြီး ကုန်စျေးနှုန်းမြင့်တက်လာလို့ ဆင်းရဲသား ပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ကုန်စည်ပွဲရုံပိုင်ရှင် အမျိုးသမီးတယောက်က ပြောပါတယ်။

“ကျမတို့ ဒီနေ့ မနက်ကတည်းက ဟင်းသီးဟင်းရွက်တွေ ဝင်လာမယ့်ကားတွေကို စောင့်နေခဲ့ကြတယ်။ ကားတစီးမှ ဝင်မလာတော့ ဘာမှဝယ်မရခဲ့ပါဘူး။ ငရုတ်သီးအစိမ်း ၁ ပိဿာ ကို ၂၀,၀၀၀ နဲ့တောင် ရှာမရတော့ဘူး။ ကွမ်းရွက် တဘီရာ (အရွက် ၈၀) ကို ၇၀၀၀ ကျပ်အထိ စျေးမြင့်သွားပါတယ်။ စစ်တွေမှာက နယ်ကလာတဲ့ ကွမ်းရွက်တွေကို မှီခိုနေကြရတာ။ တော်တော်လေး အခက်တွေ့နေကြတယ်။ နောက်ဆို ပိုဆိုးလာမယ်ထင်ပါတယ်။”

လက်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းမှာ ပိတ်မိနေကြတဲ့ကားတွေအနက် ခရီးသည်တင် မှန်လုံကားငယ်တချို့ လာရာလမ်းအတိုင်း လှည့်ပြန်သွားကြပေမဲ့ ကုန်တင်ကားကြီးတွေကတော့ လှည့်ပြန်သွားရင် ဆုံးရှုံးနစ်နာမှု များပြားနိုင်တဲ့အတွက် ​အရဲစွန့်ကာ စောင့်ဆိုင်းနေကြရတယ်လို့ ကုန်တင်ကားမောင်းသူ တယောက်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013