Home
မြန်မာသတင်း
ဖိလစ်ပိုင်သမ္မတနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ မြန်မာ့အရေးဆွေးနွေး
DVB
·
November 12, 2022
315281980_714205770061213_3124853451449413512_n

အာဆီယံခေါင်းဆောင်များညီလာခံတက်ရောက်ဖို့ ဖနွမ်ပင်မြို့မှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပါအဝင် ဒေသတွင်းက ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

“မြန်မာ့အရေးနဲ့ ပတ်သက်လို့ အချိန်အတော်ကြာ အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား သဘောတူညီမှုရရှိနိုင်မယ့် အချက်တွေကိုရော၊ ဥရောပတိုက်အရှေ့ပိုင်းက ရုရှားနဲ့ ယူကရိန်းစစ်ပွဲရဲ့ ကျနော်တို့အပေါ်ရိုက်ခတ်မှုတွေ အကြောင်းကိုပါ ဆွေးနွေးခဲ့ကြပါတယ်” လို့ မာကို့စ်က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ 

ဒီမတိုင်ခင်ပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အာဆီယံခေါင်းဆောင်တွေရဲ့ အကြံပေးချက်တွေအပါအဝင် ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်တာတွေကို အာဆီယံ အစည်းအဝေးမှာ ဆွေးနွေးအဖြေရှာသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဖိလစ်ပိုင်သမ္မတ မာကို့စ်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အပြင် ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးမွေးမြူရေးနဲ့ ပင်လယ်ရေပိုင်နက်လုံခြုံရေး အစရှိတဲ့ကိစ္စရပ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

“ပြဿနာအမျိုးမျိုးမှာ တစ်နိုင်ငံချင်းစီရဲ့ မတူညီတဲ့ ရပ်တည်ချက်တွေကို နားထောင်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်” လို့ သမ္မတမာကို့စ်က ပြောပါတယ်။

မပြီးဆုံးသေးတဲ့ ရုရှားနဲ့ ယူကရိန်းစစ်ပွဲရဲ့ ရိုက်ခတ်မှုတွေကိုလည်း ထုတ်ဖော်ဆွေးနွေးဖို့လိုကြောင်း မာကို့စ်က အစည်းအဝေးမှာ ပြောခဲ့တယ်လို့ဆိုပါတယ်။

ဖိလစ်ပိုင် သမ္မတမာကို့စ်ဟာ နိုဝင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့မှာလည်း တောင်ကိုရီးယားနဲ့ ဘရူနိုင်း နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ သီးသန့်စီတွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြောင်း Abs-cbn သတင်းဌာနက ရေးသားထားပါတယ်။

Ref-Abs-cbn

Photo Credit- Cambodia PM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024