DVB Logo
Home
မြန်မာသတင်း
စင်ကာပူဝန်ကြီးချုပ်နှင့်အင်ဒိုနီးရှားသမ္မတ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့အရေး ဆွေးနွေး
DVB
·
November 11, 2022
စင်ကာပူဝန်ကြီးချုပ်နှင့်အင်ဒိုနီးရှားသမ္မတ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့အရေး ဆွေးနွေး
Donate to DVB

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ နိုဝင်ဘာ ၁၀ ရက်က တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ နောက်ထပ်ခြေလှမ်းတွေအပါအဝင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

အာဆီယံခေါင်းဆောင်များ ညီလာခံအတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ကို စင်ကာပူဝန်ကြီးချုပ်လီ ရောက်ရှိခဲ့ပြီး မကြာခင်မှာပဲ တွေ့ဆုံခဲ့ကြတာလို့ ဆိုပါတယ်။ 

မစ္စတာလီနဲ့ သမ္မတ ဂျိုကိုဝီတို့ဟာ အာဆီယံအဖွဲ့ဝင်တွေအဖြစ်နဲ့ရော နှစ်နိုင်ငံမိတ်ဖက်အဖြစ်နဲ့ပါ နှစ်အတော်ကြာအောင် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံးက ပြောပါတယ်။ 

ခေါင်းဆောင်နှစ်ဦးဟာ ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေးအကြောင်းဆွေးနွေးခဲ့ပြီး စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ရဲ့ စီးပွားရေးပြန်လည်ကောင်းမွန်လာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေရဲ့ ပြောင်းလဲတိုးတက်မှုတွေကို ဆွေးနွေးခဲ့ကြကြောင်းနဲ့ မြန်မာ့အရေးအပေါ် အာဆီယံက တုံ့ပြန်မယ့် နောက်ထပ်ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

လာမယ့်ရက်သတ္တပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် G20 အစည်းအဝေးကိုလည်း မစ္စတာလီက တက်ရောက်မယ်လို့ ဆိုပါတယ်။ 

လာမယ့် ၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်လာမှာကိုလည်း စင်ကာပူက ကြိုဆိုထောက်ခံကြောင်း ဖော်ပြခဲ့ပြီး အာဆီယံဥက္ကဋ္ဌ ဖြစ်ရခြင်းနဲဆိုင်တဲ့ လုပ်ငန်းတာဝန်တွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

အဲဒီအစည်းအဝေးကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနိုမာဆူဒီတို့လည်း တက်ရောက်ခဲ့ကြပြီး ဒေါက်တာဘာလာခရစ်ရှ်နန်က သူ့ရဲ့ Facebook စာမျက်နှာမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာ့အရေးအပါအဝင် ကိစ္စရပ်အတော်များများကို အသေးစိတ်ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံဆွေးနွေးမှုအပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ညနေမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နဲ့လည်း မနေ့ ညနေက တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ Facebook စာမျက်နှာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နယူးယော့ခ်မှာ တွေ့ဆုံပြီးနောက်ပိုင်း ယူကရိန်းမှာ အပြောင်းအလဲတွေအများကြီးရှိခဲ့တာကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောပြခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်အတိုင်း ငြိမ်းချမ်းတဲ့ အဖြေရရှိဖို့ မျှော်လင့်ကြောင်း၊ နိုင်ငံတနိုင်ငံရဲ့ ပိုက်နက်၊ အချုပ်အခြာအာဏာနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်ကို တခြားနိုင်ငံတွေအားလုံးက လေးစားကြရမယ်လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အရှေ့တောင်အာရှမှာ ယူကရိန်းရဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး TAC သဘောတူညီချက် လက်မှတ်ရေးထိုးမှုမှာလည်း မျက်မြင်သက်သေအဖြစ်ရှိခဲ့ကြပါတယ်။ 

ယူကရိန်းဟာ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီး ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒတွေလို့ အဓိပ္ပာယ်ရတဲ့ TAC သဘောတူညီချက်မှာ ပါဝင်လက်မှတ်ရေးထိုးတဲ့ နိုင်ငံ ၅၀ မြောက် ဖြစ်ပါတယ်။

အခုနှစ် အာဆီယံခေါင်းဆောင်များ ညီလာခံအပြင် အခြားသက်ဆိုင်ရာ ညီလာခံတွေကို နိုဝင်ဘာ ၁၁ ရက်ကနေ နိုဝင်ဘာလ ၁၃ ရက် တနင်္ဂနွေနေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်ဟာအာဆီယံရဲ့ ၅၅ နှစ်မြောက်တဲ့ နှစ်လည်းဖြစ်ပါတယ်။ 

အာဆီယံခေါင်းဆောင်များ ညီလာခံမှာ မြန်မာ့အရေးဆွေးနွေးဖို့အပြင် ပြင်ပမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ကနေဒါနိုင်င်ငံတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားကြမယ်လို့ ချန်နယ်နယူးအေးရှားရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013