DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရ၊ စစ်တပ်က ကျောက်တော်နှင့် ပုဏ္ဏားကျွန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်
DVB
·
November 11, 2022
စစ်တွေတွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရ၊ စစ်တပ်က ကျောက်တော်နှင့် ပုဏ္ဏားကျွန်းကို လက်နက်ကြီး ဖြင့် ပစ်ခတ်
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် အခွဲ မင်းချောင်းတံတားအနီးမှာ နိုဝင်ဘာ ၁၁ ရက် ဒီနေ့ နေ့လယ်က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ သတင်းရင်းမြစ်တဦးက ​ပြောပါတယ်။

အဲဒီ မိုင်းဆွဲခံရတဲ့ စစ်ကားတွေဟာ စစ်တွေဘက်က စစ်ကား ၃ စီးနဲ့ ပုဏ္ဏားကျွန်းဘက်က စစ်ကား ၂ စီး တံတားအနီးမှာ စုဝေးနေကြချိန် ရက္ခိုင့်တပ်တော် (အေအေ) က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မိုင်းဆွဲတာကတော့ ဒီနေ့ နေ့လယ် ၂ နာရီ ၄၂ မိနစ်မှာ မင်းချောင်းတံတားအောက် ကွမ်းတောင်ဘက်အခြမ်းမှာ မိုင်းဆွဲတိုက်ခိုက်တာဖြစ်တယ်။ အမြင့်ကျွန်းရဲစခန်းမှာ တပ်စွဲနေတဲ့ တပ်မ ၇၇ က တပ်သားတွေ ပုဏ္ဏားကျွန်းဘက်ကိုသွားတာ။ အဲဒီမှာ တံတားအောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ စစ်သား ၁၀ ယောက်သေတယ်လို့တော့ သိရတယ်။ စစ်တပ်ကတော့ ပါဒလိတ်တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေ ရှိတယ်။”

စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်နေတဲ့အတွက် အနီးအနားရှိ အမြင့်ကျွန်းကျေးရွာသားတွေဟာ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဘက်ကို တိမ်းရှောင်နေကြရသလို ကွမ်းတောင်ရွာသားတွေဟာလည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာသားတဦးက ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ ညကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာက ကျေးရွာသား ၁၀ ဦးခန့်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီ ရိက္ခာတင်ယာဥ် ၃ စီးကို အေအေက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်နှစ်စီး၊ ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

လက်ရှိမှာတော့ အဲဒီအခင်းဖြစ်ပွားခဲ့တဲ့ နေရာအနီးရှိ ကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးနေကြရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာကို စစ်ကောင်စီ စခက-၉ တပ်မက နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ၇ နှစ်အရွယ် ကလေးငယ် ၂ ယောက် အပါအဝင် အမျိုးသမီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေပြည်သစ်ကျေးရွာ ဒေသခံတယောက်က ဒီ‌ဗွီဘီကို ပြောပါတယ်။

စခက-၉ တပ်မက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၇ နှစ်အရွယ် မလှလှကျော့နဲ့ မခိုင်ဇင်ဖြိုး၊ အသက် ၃၅ နှစ်အရွယ် မခိုင်စောဝေနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်ဦးမြအေးတို့မှာ ဒဏ်ရာတွေရရှိခဲ့ပြီး မလှလှကျော့ရဲ့ ဒဏ်ရာကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ကျောက်တော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးဗျ။ အဲဒီ စခက-၉ က ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေကို တမင် ရည်ရွယ်ချက်ရှိရှိ နေ့စဥ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် သေဆုံးဒဏ်ရာရတဲ့သူတွေ ရှိတယ်။”

ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာကိုလည်း စက်တင်ဘာ ၂၅ ရက် ညကလည်း စခက-၉ စစ်ကောင်စီတပ်က လက်နက်​ကြီးနဲ့ ပစ်ခတ်လိုက်လို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် စာသင်ကျောင်းတွေ၊ စျေးတွေ ပိတ်ထားရကာ ကားအစီးရေ ၃၀၀ ကျော်လောက် ပိတ်မိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နေ ကျောင်းသားမိဘတယောက်က “ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းနဲ့ ပါဒလိတ်တပ်ရင်းဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တာကြောင့် နိုဝင်ဘာ ၁၀ ရက် မနေ့ကတည်းက ကလေးတွေကို ကျောင်းမသွားခိုင်းတော့ဘူး။ ဗုံးခိုတွင်းထဲမှာပဲ ပုန်းခိုနေကြရတာ။ ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာ ၂၀ ကျော်လောက်က စာသင်ကျောင်းတွေအားလုံး ပိတ်ထားကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့က ပျံကျစျေးသည် အမျိုးသမီးတယောက်ကလည်း “ကျမတို့က မနေ့က မနက်ပိုင်းမှာ လက်နက်ကြီးစပစ်တဲ့အသံ ကြားကတည်းက စျေးမရောင်းတော့ဘဲ ဘေးလွတ်တဲ့နေရာကို ထွက်ပြေးလာခဲ့ရတာ။ ကုန်တွေဆုံးရှုံးသွားတာထက် အသက်ဆုံးရှုံးမှာကို ကြောက်လို့ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာလည်း ဘယ်သူမှ စျေးမရောင်းဖြစ်ဘူး။ ဆိုင်ခန်းတွေအားလုံးပိတ်ပြီး လုံခြုံတဲ့နေရာတွေမှာ နေနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကို ပိတ်ဆို့ထားလို့ ကုန်တင်ကား၊ ခရီးသည်တင်ကား အစီးရေ ၃၀၀ ကျော်လောက် ပိတ်မိနေပြီး အဲဒီထဲမှာ ကုန်စိမ်းကားတွေလည်း ပါဝင်ကာ ဘယ်နေ့ဖွင့်ပေးမယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့မှ ယာဥ်မောင်းတယောက်က ပြောပါတယ်။

လက်နက်ကြီးတွေက မနေ့က တနေကုန် ဆက်တိုက်ပစ်ခတ်သလို ဒီနေ့မှာလည်း မကြာခဏ ပစ်ခတ်နေတာကြောင့် ကားသမားတွေအနေနဲ့ လမ်းပေါ်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာနားမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို အေအေက မိုင်းဆွဲတိုက်ခိုက် သိမ်းပိုက်ရရှိပြီးတဲ့နောက် အနီးနားကျေးရွာတွေကို စစ်ရဟတ်ယာဥ်တစီး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013