စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းမြို့နယ် တရားရုံးမှာ နိုဝင်ဘာ ၁၁ ရက် မနက် ၉ နာရီလောက်က ပါဆယ်ဗုံးပေါက်ကွဲပြီး စစ်ကောင်စီခန့် တွဲဖက်တရားသူကြီးတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့မနက် ပေါက်ကွဲတာ ဟုတ်ပါတယ်။ ဗုံးအမျိုးအစားတော့မသိဘူး၊ သေတာလည်းဟုတ်တယ်၊ ဘရန်စိုင်း၊ မြစ်ကြီးနားဇာတိ၊ မိန်းမနဲ့ ကလေး ၂ ယောက်ရှိတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ အွန်လိုင်းသတင်းမှာတော့ တွဲဖက်တရားသူကြီးလို့ ရေးသားဖော်ပြထားပေမဲ့ သေဆုံးသူနဲ့ရင်းနှီးတဲ့ ဝန်ထမ်းတဦးကတော့ ဦးစီးလို့ ပြောဆိုရေးသားထားပါတယ်။
ကောလင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အစစ်အဆေး တင်းကျပ်ထားပေမဲ့ စစ်ကောင်စီတပ်သားအင်အား နည်းပါးနေပြီး စစ်ဆေးရေးမရှိတာ ၂ ရက်လောက်ရှိချိန် အခုလို ပေါက်ကွဲမှုဖြစ်တာလို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။