Home
အနုပညာ
စာရေးဆရာ အကြည်တော်၏ စျာပနအခမ်းအနား ကျင်းပ
DVB
·
November 11, 2022

ကွယ်လွန်သွားတဲ့ စာရေးဆရာ အကြည်တော်ရဲ့ စျာပနအခမ်းအနားကို ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက ရေဝေးသုသာန်မှာကျင်းပခဲ့ပါတယ်။

အကြည်တော်ရဲ့ နောက်ဆုံးခရီးကို သူ့ရဲ့စာဖတ်ပရိသတ်တွေ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် စတဲ့အနုပညာ လောကသားတွေ အများအပြားလာရောက်ပို့ဆောင်ခဲ့ကြပါတယ်။

အကြည်တော်ဟာ အစာရေမြိုကင်ဆာရောဂါဝေဒနာ ခံစားရကြောင်းသိရှိပြီး ၂ လအကြာ နိုဝင်ဘာ ၉ ရက်ညက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာပါ။

စာရေးဆရာအကြည်တော်ဟာ လုံးချင်းဝတ္ထုပေါင်း ၁၀၀ နီးပါးကို ရေးသားခဲ့ပြီး အဲ့ဒီထဲက အချို့ကို ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ကြပြီး အောင်မြင်ခဲ့ပါတယ်။

စာရေးဆရာအကြည်တော်နဲ့ ဂီတပညာရှင်များစုပေါင်းပြီး ကဗျာ ဂီတနဲ့ Orchestraအနုပညာ ၃ ရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးပေါင်းစပ်ပြီး ကဗျာဂီတ အယ်လ်ဘမ်ကိုလည်း မကွယ်လွန်မီ ထုတ်ဝေခဲ့ပါသေးတယ်။

အကြည်တော်ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ စာပေလက်ရာတွေထဲမှာ  သူခိုး လုံးချင်းဝတ္ထုက  လူကြိုက်များထင်ရှားခဲ့ပါတယ်။

အကြည်တော်ဟာ ရန်ကုန်မြို့ ပင်လုံဆေးရုံမှာ နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီခွဲက အစာရေမြိုကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။

လူကြီးသရုပ်ဆောင်ဖြစ်ပေမဲ့ ဆရာအကြည်တော်ရဲ့ ကျောက်သင်ပုန်းတွေမိုးထားတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် သရဲကြီးက “အမှတ်တရကတော့ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်ပေါ့။ ငယ်ငယ်ပဲ ရှိသေးတယ်ဗျာ၊ လောကကြီးကို နှုတ်ဆက်သွားတော့ စိတ်ထဲမကောင်းဘူး။ ဆရာရဲ့ဝတ္ထုတွေက အများကြီးရှိသေးတယ်၊ ဇာတ်ကားရိုက်စရာတွေ ကျန်သေးတယ်” လို့ ပြောပါတယ်။

ဟာသစာရေးဆရာအကြည်တော်  ဂူသွင်းသင်္ဂြိုဟ်အခမ်းအနားကို ရုပ်ရှင်လောကသားများနဲ့ စာပေအနုပညာရှင်တွေအပြင် စာဖတ်ပရိသတ်တွေပါ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024