
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံရွာကို ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းနဲ့ ပါဒလိတ်တပ်ရင်းတွေက ဒီနေ့မနက် လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လို့ ကျရောက်ပေါက်ကွဲကာ ကိုအေးစိုးသိန်း အခင်းဖြစ်နေရာမှာ သေဆုံးပြီး ကိုကျားချေ ပေါင်ပြတ်သွားကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပါရုံရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရရှိတဲ့ လူနာအား ဆေးရုံပို့ဆောင်နိုင်ဖို့ လူမှုကူညီရေးအသင်းတွေကို ဆက်သွယ်ထားပေမဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဆေးရုံပို့ဆောင်ဖို့ ကြန့်ကြာခဲ့ရပြီး ဆေးရုံပို့ဆောင်ခဲ့တဲ့အချိန် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှာ နိုဝင်ဘာ ၁၀ ရက် ညကလည်း စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ပြည်သူအလောင်း ၁၀ လောင်း တွေ့ရှိထားပြီး စစ်ကောင်စီဘက်က မီးရှို့ခဲ့လို့ နေအိမ် ၃၀ လောက် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းနဲ့ ပါဒလိပ်တပ်ရင်းက ဒီနေ့မနက် ၈ နာရီခွဲလောက် မှာလည်း ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ၆ ချက်လောက်ရှိနေပြီ။ တနေကုန် ရမ်းကားပစ်ခတ်မယ့် သဘောရှိတယ်။ ပြည်သူတွေကတော့ ဗုံးခိုကျင်းထဲမှာပဲ ပုန်းအောင်းနေကြရပြီး ဗုံးခိုကျင်းမရှိတဲ့သူတွေအနေနဲ့ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေတွေရဲ့ ဗုံးခိုကျင်းတွေနဲ့ လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ တိုက်တွန်းချင်တယ်။” လို့ ဒေသခံက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာနားမှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ရိက္ခာတင်ကား ၃ စီးကို အေအေက မိုင်းဆွဲတိုက်ခိုက် သိမ်းပိုက်ရရှိပြီးတဲ့နောက် အနီးနားကျေးရွာတွေကို စစ်ရဟတ်ယာဥ်တစီး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။