
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်က မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၁၁ ရက် ဒီနေ့မနက် ၅ နာရီကျော်က လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ မြင်းခြံ Zero တပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အိပ်ပျော်နေတာကို အခွင့်ကောင်းယူပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးမှု၊ အထိအခိုက် များနိုင်တယ်လို့လည်း ဆိုပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “အိပ်ကောင်းနေတဲ့အချိန်ကို သွားပစ်ခဲ့တယ်။ ၈ ယောက်အိပ်နေတာ ၂ ယောက်ပဲ ပြန်ပစ်တာတွေ လုပ်နိုင်တယ်။ အခု မြို့ပေါ်က ဖရဲသီးတွေဆီ စုံစမ်းလိုက်တော့ ၅ ယောက်သေတယ်၊ ၁ ယောက်ကတော့ အခြေအနေဆိုးတဲ့ဒဏ်ရာ ရထားပြီး ပြန်ပစ်တဲ့သူ နှစ်ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာ ရှိတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့၊ True Fighter အဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ စစ်ကောင်စီတပ် အထိအခိုက်ကို စစ်ကောင်စီဘက်က ဘာသတင်းမှ ထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ကို အောက်တိုဘာ ၂၈ ရက်ကလည်း Zero ပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ မခေါက်ကျေးရွာ အနောက်ဘက်မှာ နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီခွဲလောက်က ကင်းပတ်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
အဲ့ဒီပူးပေါင်းအဖွဲ့ဟာ မခေါက်ကျေးရွာ အနောက်ဘက်မှာရှိတဲ့ ကျောက်ကြမ်းတောင်အနီးကို ကင်းပတ်ရင်း ရောက်ရှိလာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ အသင့်ပြင်ဆင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတာလို့ သိရပါတယ်။
နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “သူတို့အဖွဲ့တွေက ကင်းပုန်းတိုးလာတာကို အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာပါ။ မခေါက်ရွာက ပျူခေါင်းဆောင် တင်မိုးအောင်ကတော့ ပွဲချင်းပြီးသေတယ်။ နောက်ပြီး စကစနဲ့ ပျူ စုစုပေါင်း ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြင်းအထန် ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို နတ်တောင်နဂါး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အခုလ နိုဝင်ဘာ ၁ ရက်ကလည်း ကျောက်ကြမ်းတောင်ပေါ်ကို ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းက အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာဘက်ကို နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၁၈ နှစ်အရွယ် အမျိုသားတယောက် ကျည်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါကျေးရွာဘက်ကို ပစ်ခတ်တဲ့ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကနေ လာရောက်ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ခင်ဦးမြို့နယ် အင်ပတ်ရွာ Farmer hero အဖွဲ့ခေါင်းဆောင် ဗိုလ်ယက္ခက “သူတို့ ရိက္ခာပြတ်လို့ ရေဦးကိုသွားယူတာ အသာသွားမယူဘဲ ရွာတွေဘက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာ။ အဲလိုပစ်လို့ အသက် ၁၈ နှစ်အရွယ် ကလေးတဦး တင်ပါး ကျည်ထိထားတယ်။ အင်တိုင်းလေးေမြာက်ရွာက ဒေသခံပါ။ အမည်ကတော့ လုံခြုံရေးအရ မပြောတော့ပါဘူးဗျ။ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး။ သူပစ်တဲ့အချိန်က ညနေ ၄ နာရီလောက် ပစ်သွားတယ်။ (--)အင်အား ၅၀ လောက်ရှိတယ်။ ကျနော်တို့ဒေသခံတွေကို ဥပဒေမဲ့လုပ်တာ ကျနော်တို့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ဒီကောင်တွေ ရေဦးကနေ ပြန်လာတာကို ကျနော်တို့ အလစ်ဝင်တိုက်တယ်။ အော်တဲ့လူကအော်တယ်။ ဆိုင်ကယ် အသားကုန် မောင်းပြေးသူက ပြေးတယ်။ (--)သားတွေက လက်နက်မဲ့ပြည်သူကျတော့ အနိုင်ကျင့်ချင်တာ။ လက်နက်ရှိသူအချင်းချင်းကြတော့ ပြေးလိုက်ကြတာ။ အသေအဆုံးလည်း ရှိလောက်တယ်။ အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးပစ်ခတ်လို့ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ အင်တိုင်းလေးတောင်ရွာ၊ အင်တိုင်းလေးမြောက်ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အဖွဲ့တွေကတော့ ခင်ဦးမြို့နယ် တပ်ရင်း-၃၊ ခင်ဦး Farmer Hero နဲ့ ဒေသခံ LPDF အဖွဲ့တွေဖြစ်တယ်လို့ သိရပါတယ်။