စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက မြို့အဝင်အထွက်တွေမှာ ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးကာ အမျိုးအစားကောင်းတဲ့ ကားတွေကို သိမ်းယူနေပြီး မကောင်းတဲ့ယာဉ်တွေကိုတော့ ငွေနဲ့ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က စတင်ဖမ်းဆီးသိမ်းယူခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နဲ့ အင်းတော်မြို့တွေမှာလည်း ဖမ်းဆီးသိမ်းယူကာ မသင်္ကာတဲ့လူတွေ့ရင်လည်း ဖမ်းတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကောလင်းဒေသခံတဦးက “ကောလင်းမြို့ပေါ်မှာ စကစတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်တွေ ဖမ်းပြီးသိမ်းတယ်။ ဆိုင်ကယ်အကောင်းတွေကို သူတို့ကင်းပတ်ရာမှာ အသုံးပြုပြီး အနည်းငယ်စုတ်နေတဲ့ ဆိုင်ကယ်တွေကို ပြန်ရွေးခိုင်းနေတယ်။ သိမ်းဆည်းခံရတာ အစီးရေ ၅၀ နီးပါးရှိနေပြီ” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်မှာလည်း ကားနဲ့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး ဂျပန်နိုင်ငံလုပ် အမျိုးအစားကောင်းတဲ့ ဆိုင်ကယ်တွေဆိုရင် ပြန်မပေးဘဲ စစ်ကောင်စီနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကလူဆို ပြန်ပေးပြီး မကောင်းတဲ့ဆိုင်ကယ်၊ မလိုချင်တဲ့ဆိုင်ကယ်တွေဆိုရင် ငွေယူပြီး ပြန်ပေးတယ်လို့ ဆိုင်ကယ်ဖမ်းဆီးခံရတဲ့ မြို့ခံထံက သိရပါတယ်။