
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုကော်မတီဝင် ခိုင်မြသာကို နိုဝင်ဘာ ၇ ရက် ညနေက အိန္ဒိယနိုင်ငံ မီဇိုရမ်-မြန်မာနယ်စပ် ရွာသစ်ကျေးရွာမှာ ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။
အခုဖမ်းဆီးခံလိုက်ရတဲ့ ခိုင်မြသာဟာ မင်္ဂလာဆောင်တဲ့နေ့မှာ အေအေတပ်ဖွဲ့ဝင်တွေက လူကျင့်ဝတ်ကင်းမဲ့စွာ ဖမ်းဆီးသွားတာဖြစ်ပြီး ရခိုင်ပြည်ရှိ နိုင်ငံရေးအင်အားစုများအကြား ညီညွတ်မှုကို ပျက်ပြားစေတယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ခေါင်ဆောင်တွေ၊ အဖွဲ့ဝင်တွေ၊ ပါတီဝင် သံဃာတော်တွေနဲ့ ကလေးတွေ အပါအဝင် ပါတီဝင် ၁၇ ဦးအထိ ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပါတီဗဟိုအလုပ်အမှုဆောင် ခိုင်ပေါ်လင်းနဲ့ မောင်စိုးမင်းနိုင်တို့ကို ဖမ်းဆီးခဲ့သလို မြောက်ဦးမြို့ပေါ်က သံဃာတော် ၄ ပါးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့တာကြောင့် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၂၄ ခုက ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ စစ်ကောင်စီတို့အကြား ပူးပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။