DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
DVB
·
November 10, 2022
ကျိုက်ထိုတွင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၁ ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကစပြီး ကျိုက်ထိုမြို့နယ်ကို တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုက အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်စိန်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ပိန္နဲကုန်းကျေးရွာမှာ ဈေးသွားရောင်းပြီး ပြန်လာတဲ့ အထက်အင်္ဂဘိုကျေးရွာနေ အသက် ၃၀ အရွယ် ကိုဇော်ထက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ကလည်း ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုနေ အသက် ၆၆ နှစ်အရွယ် ဦးမှုံကြီးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။

ကေအန်ယူ သထုံခရိုင်ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးလာတိုင်း အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လူနေအိမ် အလုံး ၂၀ နီးပါးကို မီးရှို့ဖျက်ဆီးထားသလို ပြည်သူပိုင်နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီက တပ်ရင်း ၈ ရင်းနဲ့ ကျိုက်ထီးရိုးအနီး ဝိဇ္ဇာတောင်ဘက်မှာ စစ်ကြောင်းတကြောင်း၊ အထက်အင်္ဂဘိုနဲ့ စစ်စီးကုန်းဘက်မှာ စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး စစ်ကြောင်းထိုးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လို့ ဒေသခံ ၈,၀၀၀ နီးပါးဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013