မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ကျောက်ဆည်လေးရွာကို နိုဝင်ဘာ ၉ ရက် မနက် ၁၁ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ် ၂ လုံး ပျက်စီးကာ နွား ၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဆည်လေးရွာကို ကင်းရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။
“ပစ်တာက နေ့လယ် ၁၁ နာရီထိုးက တကြိမ် ပစ်တယ်ဗျ။ အဲဒီအလုံးကတော့ ကျနော်တို့ ရွာတောင်ပိုင်းက ကိုမျိုးသန့် အိမ်ပေါ်ကျပြီး အိမ်ပျက်စီးသွားတယ်။ နွားနှစ်ကောင် ထိခိုက်တယ်။ နွားတကောင်ကတော့ နေရာတင် သေသွားတယ်ဗျ။ နောက်တလုံးက ဘုန်းကြီးကျောင်း မြောက်ဘက်က အိမ်ပေါ် ကျရောက်ပေါက်ကွဲတယ်။ အဲဒီအိမ်လည်း ပျက်စီးသွားတယ်။ ပစ်တာကတော့ အတော်များတယ်။ ကျန်တဲ့အလုံးတွေကတော့ ရွာဘေးတွေကျ ပေါက်ကွဲထားတာ ရှိတယ်ဗျ။ လူတွေကတော့ အထိအခိုက်မရှိခဲ့ဘူးဗျ။ သူတို့ လာပြီဆိုတာနဲ့ အကုန်ထွက်ပြေးကျလို့ အထိအခိုက်မရှိခဲ့ဘူး။ ကျနော်တို့ရွာကတော့ အောက်တိုဘာလနဲ့ နိုဝင်ဘာလ ၂ လအတွင်း အိမ်အလုံးရေ ၂၀ လောက် စစ်ကောင်စီ မီးရှို့တာခံထားရတာတွေလည်း ရှိတယ်။ နောက်ပြီး အောက်တိုဘာလမှာ ကျနော်တို့ရွာသား ၃ ဦးကို စစ်ကောင်စီက သတ်ပြီး ရွာအနီးက ချောင်းအတွင်း ပစ်ထားခဲ့တာတွေလည်း ခံရတယ်လို့ ကျောက်ဆည်လေး ရွာသားတဦးက ပြောပါတယ်။
ကျောက်ဆည်လေးရွာဟာ အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိပြီး ဒေသခံရွာသားတွေဟာ မိရိုးဖလာ တောင်သူလုပ်ငန်းနဲ့ သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ်ပြီး အသက်မွေးဝမ်းပြုနေကြသူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီက အခုလို လက်နက်ကြီးနဲ့ပစ်တာ၊ နေအိမ်တွေကို မီးရှို့တာနဲ့ ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။