DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၃၀ ခန့်ရှိလာ
DVB
·
November 10, 2022
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၃၀ ခန့်ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၂၈ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၁၂၉ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၉၁၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ည ၉ နာရီလောက်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီး ကျည်ဟာ ချောင်းဦးတိုကျေးရွာအတွင်းက  နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် ဦးကြီးစိန်မှာ နေရာတင် သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်စိန်ဆင့်မှာ ခြေထောက် ပြတ် သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်ည ၈ နာရီလောက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာထဲကို အကြမ်းဖက်စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် တလုံးဟာ ကျေးရွာအတွင်းက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး တယောက်သေဆုံးခဲ့ပြီး သူ့ရဲ့ မိသားစုဝင် ၃ ယောက်လည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013