
တနင်္သာရီတိုင်း၊ ပုလောမြို့နဲ့ကပ်လျက် နန်းတောင်ရွာမှာ တပ်စွဲထားတဲ့ အင်အား ၂၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုကို နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပူရိယက္ခညီနောင်စစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်မှု ၂ နာရီလောက် ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိသူတယောက် အပါအဝင် တပ်ဖွဲ့ဝင် ၆ ယောက်လောက် သေဆုံးခဲ့တဲ့အပြင် ၃ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့ အရေအတွက်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ တပ်ဖွဲ့ဝင်တယောက် ၄၀ မမ ဗုံးသီး ဗုံးစအနည်းငယ် ထိမှန်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆေးကုသမှု ခံယူထားပြီး စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNDO ဦးစီးတဲ့ ပူရိယက္ခညီနောင်စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ဝေလ ဦးဆောင်ပြီး ပုလောအခြေစိုက် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
ပူရိယက္ခညီနောင်စစ်ကြောင်းတာဝန်ခံက အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်အဆင့်ရှိတဲ့ အရာရှိတယောက် သေဆုံးသွားတာကြောင့် တခြား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းကို စွန့်ခွာထွက်ပြေးသွားပေမဲ့ စခန်းကိုတော့ ဝင်မသိမ်းခဲ့ဘူးလို့ ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားနေစဥ် ပုလောမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ၂၈၅ ကနေလည်း နန်းတောင်ရွာထဲကို လက်နက်ကြီးနဲ့ ၂၅ ချက်လောက် ပစ်ခတ်ခဲ့လို့ လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နန်းတောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ဇွန် ၃၀ ရက်နေ့ကလည်း တခါတိုက်ခိုက်ခဲ့ပြီး အဲဒီအချိန်ကတော့ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ နန်းတောင်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံရောက်ရှိနေပြီး ရွာခံတွေကို ရွာပြင်ပေးမထွက်ဘဲ ထွက်ပြေးတဲ့သူတွေကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာမှာ စခန်းချနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေကို ပူရိယက္ခညီနောင်စစ်ကြောင်း ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ပူရိယက္ခညီနောင်စစ်ကြောင်းအနေနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ လက်နက်၊ ကျည်၊ ခဲယမ်းနဲ့ ငွေကြေးအကူအညီ လိုအပ်နေတာကြောင့် ပြည်သူတွေ ပါဝင်ကူညီ အားဖြည့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ပုလောမြို့နယ်ထဲရှိ နေရာတချို့မှာ အောက်တိုဘာ နောက်ဆုံးပတ်လောက်ကနေ အခုထိ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ခရီးသွားတွေအနေနဲ့ ထားဝယ်-မြိတ် ကားလမ်းမကြီးကို နိုဝင်ဘာ ၈ ရက်ကစပြီး ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ ထုတ်ပြန်ထားပါတယ်။