
မကွေးတိုင်း၊ ပေါက်မြို့နယ် တရားရုံးဝင်းအတွင်းမှာ နိုဝင်ဘာ ၉ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ပေါက်မြို့တရားရုံးမှာ ရုံးထုတ် လုံခြုံရေးတာဝန်ကျနေတဲ့ ရဲတွေကို ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်လောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း-၁ က လက်ပစ်ဗုံးတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲ ၄ ယောက်လောက် ထိမှန်ပြီး သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီလိုတိုက်ခိုက်ရာမှာ ကျနော်တို့ဘက်က ရဲဘော်တွေက အချုပ်သားတွေ ထိခိုက်မှုမရှိအောင် တရားရုံးအချုပ်ထဲမှာ အချုပ်သားတွေကို ချုပ်ထားပြီးမှ အချုပ်ဘေးမှာရှိနေတဲ့ ရဲတွေကို လက်ပစ်ဗုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။”
အဲဒီပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပြီးနောက် ပေါက်မြို့ အဝင်အထွက်ဂိတ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေ ပူးပေါင်းပြီး ဆိုင်ကယ်တွေ၊ ကားတွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေပြီး မြိုင် ပ.က.ဖ တပ်ရင်း-၁ က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။