Live
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေ စော်မူပလောကျေးရွာကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်
DVB
·
November 9, 2022

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စော်မူပလောကျေးရွာအုပ်စုမှာ နိုဝင်ဘာ ၉ ရက် မနက် ၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တာဘော ကော်ဒဲကျေးရွာအတွင်းကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတကျောင်းနဲ့ မူလတန်းကျောင်း တကျောင်း ထိခိုက်ပျက်စီးကာ ဘုရားကျောင်းအနီးပတ်ဝန်းကျင်မှာ နေထိုင်တဲ့ အိမ်တွေကို ထိခိုက်မှုရှိပေမဲ့ အရေအတွက် အတိအကျ စိစစ်အတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ညဘက်တွေမှာ ကင်းထောက်လေယာဥ်တွေ အမြဲလာပြီး ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၆ နယ်မြေတွေဘက်ကို စုံစမ်းထောက်လှမ်းတာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတွေ နေအိမ်မှာ မအိပ်ရဲကြသလို ရွာကနေရှောင်တိမ်းပြီး အိပ်နေရတယ်လို့ ဘုရားသုံးဆူရွာဘက်နေ ဒေသခံတယောက်က ပြောပါတယ်။

ကရင်ရွာတွေဖြစ်ကြတဲ့ တောင်စွန်း၊ သံပုရာ၊ မယ်ဇလီ၊ ဘုရားသုံးဆူ စတဲ့ရွာတွေက ဒေသခံတွေဟာ စစ်​ကောင်စီတပ်ရဲ့ လေယာဥ်သံကြားရင် ဗုံးလာကြဲမလားဆိုပြီး စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် အောက်တိုဘာ တလအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ တိုက်ပွဲကြီးငယ် ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃၆၉ ယောက် သေဆုံးကာ ၃၀၂ ယောက် ဒဏ်ရာရရှိခဲ့ထားသလို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့​ပါတယ်။

ကေအန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ပြည်သူလုထု ၃ သိန်းကျော် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြပြီး ၁ သိန်းကျော်မှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024