DVB Logo
Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် မင်းပြားက နေအိမ် ၁၅ လုံးပျက်စီး၊ ပုဏ္ဏားကျွန်းဒေသခံ ၆ ဦး ဖမ်းဆီးခံရ၊ ရွက်ညို့တောင်ဆရာတော် ပြန်လွတ်
DVB
·
November 9, 2022
လက်နက်ကြီးကြောင့် မင်းပြားက နေအိမ် ၁၅ လုံးပျက်စီး၊ ပုဏ္ဏားကျွန်းဒေသခံ ၆ ဦး ဖမ်းဆီးခံရ၊ ရွက်ညို့တောင်ဆရာတော် ပြန်လွတ်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၈ ရက် မနက် ၉ နာရီကျော်လောက်က စစ်ကောင်စီရဲ့ ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီ ဇက်ရေယာဉ်နဲ့ အထိုင်တပ်ရင်းတွေက ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နွားတကောင်သေဆုံး၊ ၂ ကောင် ဒဏ်ရာရခဲ့တယ်လို့ ကျားပစ်ကေရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စက္ကရေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ညွန့်ချေ နေအိမ်အပါအဝင် နေအိမ် ၃ လုံး၊ ဖလောင်းပြင်ရွာက နေအိမ် ၆ လုံး၊ ကျားရဲပြင်ရွာက နေအိမ် ၄ လုံး၊ ချောင်းရှည်ကျေးရွာက နေအိမ် ၂ လုံးနဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖလောင်းပြင်ရွာ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာလည်း နိုဝင်ဘာ ၄ ရက်က စစ်ကောင်စီရဲ့ ဇက်ရေယာဥ် ၂ စီးကို ရက္ခိုင့်တပ်တော် (အေအေ) က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးကာ ၂၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့မှာလည်း နိုဝင်ဘာ ၈ ရက် ညက ဒေသခံပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘက်ကမ်းမှာ နိုဝင်ဘာ ၈ ရက် ည ၉ နာရီခွဲလောက်မှာ ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်သူ ၆ ယောက်ကို ဖမ်းဆီးသွားကြတာလို့ ဒေသခံတယောက်က ပြောပါတယ်။

တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ အထိမ်းမှတ် ဝိုင်းဖွဲ့စားသောက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၆၀ လောက်က စစ်ကားတစီး၊ ဆိုင်ကယ် ၅ စီးလောက်နဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

“ကားတွေ ဆိုင်ကယ်တွေကိုတော့ စံပြရပ်ကွက် ဦးရာဇ်တော်တံတားထိပ်မှာ ရပ်ထားခဲ့တာဗျ။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကတော့ နတ်ဆိပ်ကျေးရွာနဲ့ မင်းဂံကျေးရွာဘက်က ပုဏ္ဏားကျွန်းမြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်” လို့ ဒေသခံက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့က ကိုဒီမို (ခေါ်) အောင်မင်းသိန်းကိုလည်း နိုဝင်ဘာ ၅ ရက်နေ့မှာ ရန်ကုန်က ပြန်လာရာ စစ်တွေလေဆိပ် လေယာဥ်ပေါ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မောင်တောမြို့နယ် ရွက်ညို့တောင်ဆရာတော်ကို နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီလောက်က ပြန်လွှတ်​ပေးလိုက်တယ်လို့ ဒေသခံဆရာတော်တွေဆီက သိရပါတယ်။

မောင်တောမြို့နယ် ရွက်ညို့တောင်ကျေးရွာ ဆရာတော် ပညာသိရီကို မောင်တောမြို့မ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပနေတဲ့ ပဋ္ဌာန်းတရားပွဲကနေ နိုဝင်ဘာ ၄ ရက် ညမှာ စစ်ကောင်စီ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးသွားခဲ့တာပါ။

“ဒီနေ့မနက် ၇ နာရီမှာ ပြန်လွှတ်ပေးလိုက်တယ်။ ဘာအပြစ်မှ လုပ်မထားတော့ ဘာအပြစ်မှ မရှိတာလေ။ သံသယနဲ့ ဖမ်းဆီးသွားတာ” လို့ အမည်မဖော်လိုတဲ့ ဆရာတော်တပါးက မိန့်ပါတယ်။

ရွက်ညိုတောင်ကျေးရွာ ဒေသခံတဦးက “အဓိကကတော့ ရက္ခိုင့်တပ်တော်ဘက်က ရွက်ညို့တောင်ကျေးရွာမှာ ဒီဆရာတော်ကို ကျောင်းထိုင်ခိုင်းထားတယ်လို့ စစ်ကောင်စီက သံသယနဲ့ ဖမ်းတာ။ ကျောင်းထိုင်ခိုင်းထားတာက မြို့နယ် သံဃနာယအဖွဲ့က ကျောင်းထိုင်ခိုင်းထားတာ” လို့ ပြောပါတယ်။

ဆရာတော် ဦးပညာသီရိဟာ ရွက်ညို့တောင်ကျေးရွာ ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက သီတင်းသုံးနေပြီး ဝါတော် ၁၅ ဝါ၊ သက်တော်  ၃၅ နှစ်ရှိပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်ကစတင်ကာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဧည့်စာရင်းစစ်ဆေးတာ၊ ပရဟိတသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့် ဖြတ်တောက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013