
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဘူတာရုံလမ်းမှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ၆၁ ဘတ်စ်ကားပေါ် လူတစ်စုက သံတုတ်တွေကိုင်ပြီး တက်ရောက်လာကာ ခရီးသည်တွေရဲ့ ဖုန်းတွေကို ရိုက်နှက်လုယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်သာယာဘက်ကို အသွား မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် သမိုင်းခုံးကျော်တံတားအဆင်းမှာ လုယက်မှုဖြစ်ပွားခဲ့တာပါ။
ကားပေါ်တက်လာတဲ့သူတွေက ခန့်မှန်းခြေ ၇ ယောက်လောက်ရှိပြီး ခရီးသည်တွေရဲ့ ပစ္စည်းတွေကို လုယက်သွားတာလို့ ခရီးသွားပြည်သူတစ်ယောက်က ပြောပါတယ်။
လုယက်တဲ့အဖွဲ့က သမိုင်း ၁ ရပ်ကွက် ၇ လမ်းထဲကို ပရိုဘောက် တက္ကစီ အဖြူရောင်နဲ့ ထွက်ပြေးသွားခဲ့ပြီး ခရီးသည်တွေထဲက တစ်ဦးကတော့ ခေါင်းထိဒဏ်ရာရရှိခဲ့သလို နောက်တစ်ယောက်ကတော့ ကြောက်လန့်ပြီး သတိလစ်သွားခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း YBS ၂၂ ယာဉ်လိုင်း ပေါ်က ခရီးသည်တွေကို ဓားထောက် လုယက်တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို လုယက်မှုကို ခရီးသွားပြည်သူတွေက စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ယာဥ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ YRTC ကို တင်ပြခဲ့ပေမယ့် အရေးယူတာ မရှိဘဲ နေ့စဥ်အုပ်စုဖွဲ့ လုယက်မှုတွေက ဖြစ်ပွားနေဆဲဖြစ်ပါတယ်။