
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ ခမရ ၁၀၆ တပ်ရင်း ဂိတ်အဝမှာ အောက်တိုဘာ ၈ ရက် ညက ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထောက်ကြန့်မြို့၊ လှော်ကားလမ်းမကြီးပေါ်က ခမရ ၁၀၆ တပ်ရင်းအဝင်ဂိတ်ကို မနေ့ည ၁၀ နာရီက ဆိုင်ကယ်စီးလာသူတချို့က လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဂိတ်မှာစောင့်နေတဲ့ တပ်သားတယောက် ဒဏ်ရာရရှိခဲ့တာလို့ တပ်ရင်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ညက ဆယ်နာရီလောက်ရှိပြီ။ အုန်းခနဲဆို ပေါက်သံကြားရတယ်။ သူခိုးကြီးညဆိုတော့ လူတွေက မအိပ်သေးဘူး။ အကုန်အိမ်ထဲ ပြေးဝင်ကုန်တာ။ လူနာတင်ယာဥ်တစ်စီးနဲ့ စစ်ကားတစ်စီး ရောက်လာတယ်။ ဗုံးနဲ့ပစ်လို့ ဂိတ်မှာစောင့်နေတဲ့ စစ်သားတစ်ဦး ဒဏ်ရာရတယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ၁၀၆ တပ်ရင်းအနီးမှာ နေထိုင်တဲ့သူတွေကို ဆဲဆိုကြိမ်းမောင်းကာ ဗုံးပစ်သူကို လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့ဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
“ဘယ်သူပစ်သွားမှန်း မသိဘူး။ အဲဒါကို လမ်းပေါ်မှာရှိနေတဲ့ လူငယ်တွေကို ဆဲဆိုသွားတယ်။ ညက သူခိုး ခိုးမှာစိုးလို့ ကိုယ့်အိမ်ကို လုံခြုံရေးယူကြတာ။ အဲဒါကို ဗုံးနဲ့ ပစ်ခံရတာ။ အဲဒီပစ်တဲ့သူကို မတွေ့လို့ဆိုပြီး ပြောဆိုသွားတာ”လို့ ရှင်းပြပါတယ်။
မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှိ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းမှာ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။
အမှတ် ၁၀၆ ခြေမြန်တပ်ရင်းကို ပြီးခဲ့တဲ့လတွေကလည်း အမည်မသိသေနတ်ကိုင်ဆောင်သူများက ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။