DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် လူပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့
DVB
·
November 9, 2022
စစ်ကောင်စီနှင့် လူပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေ မြင့်တက်လာပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ ပဉ္စမအကြိမ်မြောက် အရေးယူပိတ်ဆို့မှုအဖြစ် စစ်ကောင်စီနဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကို အရေးယူပိတ်ဆို့လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ တခဲနက် လူထုထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့  နိုဝင်ဘာ ၈ ရက်၊ ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်နေ့မှာ အီးယူက ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ထပ်မံချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အသစ်ထပ်မံအရေးယူပိတ်ဆို့လိုက်တဲ့ လူပုဂ္ဂိုလ် ၁၉ ဦးကတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တရားစွဲဆိုရေးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းနဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်းအောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်နဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမင်းမင်းဦးတို့ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်အရာရှိတွေဖြစ်တဲ့ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အမှတ် ၃ စစ်ဆင်ရေး (အထူး) အဖွဲ့ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အမှတ် ၄ စစ်ဆင်ရေး (အထူး) အဖွဲ့  ဒုဗိုလ်ချုပ်ကြီး အောင်စိုး၊ အမှတ် ၅ စစ်ဆင်ရေး (အထူး) အဖွဲ့ ဒုဗိုလ်ချုပ်ကြီး သက်ပုံ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ထူးကုမ္ပဏီအုပ်စု ဥက္ကဋ္ဌ ဦးတေဇ၊ Dynasty International Company ဒါရိုက်တာ ဦးအောင်မိုးမြင့်နဲ့ International Group of Companies ဒါရိုက်တာ ဦးနိုင်ထွဋ်ဆွေ တို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီလူတွေဟာ စစ်တပ်ကို အားပေးပံ့ပိုးကူညီနေတာကြောင့် အခုလို အရေးယူပိတ်ဆို့ရတာလို့ ဥရောပသမဂ္ဂက ဆိုပါတယ်။ သူတို့နဲ့အတူ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်အောင်လုပ်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး နိုင်ငံတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်တဲ့လုပ်ရပ်တွေ လုပ်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ စစ်ကောင်စီကိုလည်း အရေးယူပိတ်ဆို့မှု စာရင်းထဲမှာ ထည့်သွင်းခဲ့တာပါ။

ဥပရောပသမဂ္ဂက အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်တာ လူပုဂ္ဂိုလ်စုစုပေါင်း ၈၄ ဦးနဲ့ အဖွဲ့အစည်း ၁၁ ခု ရှိနေပြီ ဖြစ်ပါတယ်။

ဒီအထဲမှာ စာရင်းသွင်းခံရသူတွေဟာ ပိုင်ဆိုင်မှုထိန်းချုပ်ခံရတာ၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကို တားမြစ်ခံရပါတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာ အခုလို အရေးယူဒဏ်ခတ်ပိတ်ဆို့ စာရင်းသွင်းခံထားရသူတွေ ဝင်ငွေရစေတဲ့ လုပ်ငန်းအဆက်အဆံ လုပ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ်  လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူအားလုံးတို့ကို တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဥရောပသမဂ္ဂက ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂဟာ ရန်လိုအကြမ်းဖက်မှုတွေ အားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာဖို့၊ အင်အားမမျှတစွာ အသုံးပြုမှုကို အဆုံးသတ်ဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။

အရပ်သားတွေနဲ့ ကလေးသူငယ်တွေကို အကြမ်းဖက်တာ အပါအဝင် စစ်တပ်ရဲ့ ပြည်သူတွေအပေါ်  ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်တာတွေဟာ မြန်မာစစ်အစိုးရ သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် ကတိကဝတ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဥရောပသမဂ္ဂက ဝေဖန်ထောက်ပြထားပြီး လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုထားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ သတင်းသမားတွေကို ဆက်လက် နှိပ်စက်ညှဉ်းပန်းနေတာတွေ၊ လူမျိုးရေး၊ ဘာသာရေး လူနည်းစုတွေ အပါအဝင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းများ ဖျက်ဆီးခြင်း အပါအဝင် ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အားလုံးကိုလည်း ရှုတ်ချထားပါတယ်။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်  အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းချုပ်ခံထားရသူ အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထပ်လောင်း တောင်းဆိုကြောင်းလည်း ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ယူကေအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ကတော့ အီးယူရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေကို ကြိုဆိုလိုက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ နှေးကွေးနေတယ်လို့ ဝေဖန်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013