
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်ဆစ်ပုံကျေးရွာအနီး ပြည်တော်သာအဝိုင်းပတ်ထိပ်မှာ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲလောက်ကစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးလိုက်ပါလာတဲ့ ကားကို မြို့အဝင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၂ ယောက် အပါအဝင် ၆ ယောက် သေဆုံးသွားတယ်လို့ သံမဏိ Force - MPDF မုံရွာခရိုင်တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
သံမဏိ Force - MPDF မုံရွာခရိုင်တပ်ရင်းမှ တာဝန်ရှိသူတယောက်က “ရွာတရွာကနေ ဖဲရိုက်ပြီးပြန်လာတဲ့ စစ်ဗိုလ်အဆင့် အရာရှိ ၂ ကောင် အပါအဝင် စကစတပ်ဖွဲ့ဝင် ၈ ကောင် လိုက်ပါလာတဲ့ကားကို သံမဏိ Force - MPDF (မုံရွာခရိုင်) တပ်ရင်းက တပ်ခွဲတပ်ဖွဲ့ဝင်တွေပေါင်းပြီး စစ်ဆင်ရေးအဖြစ် စောင့်ကြို ပစ်ခတ်တိုက်ခိုက်ကြရာ ကားအရှေ့ခန်း အတွင်းခန်းက လိုက်ပါလာတဲ့ စကစအကောင်ကြီး ၂ ကောင်နဲ့ တပ်သား ၄ ယောက် နေရာမှာတင် ပွဲချင်းပြီးသွားပြီး တပ်သား ၂ ကောင်က ပြန်လည်ခုခံပစ်နေလို့ ရဲဘော်တွေရဲ့အသက်နဲ့ လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် လက်နက်သိမ်းဆည်း မရရှိခဲ့တာ” လို့ ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် မြေပြင်သတင်းပေးပို့ချက်အရ ညပိုင်းမှာ ကား ၇ စီးလောက်နဲ့ အလောင်းတွေလာကောက်ပြီး ကားကို ကရိန်းနဲ့ လာရောက်ဆွဲယူသွားကြောင်း သိရတယ်လို့ သံမဏိ Force - MPDF (မုံရွာခရိုင်တပ်ရင်း) က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၆ ရက်ကလည်း မုံရွာမြို့နယ် ထန်းလေးပင်ကျေးရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ PDF မှ ၆ ဦးသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ အခုလိုတိုက်ခိုက်ခံရပြီး သေဆုံးတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်လေ့ မရှိပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခုလဆန်းပိုင်းကစလို့ မုံရွာမြို့နယ် တောင်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေနဲ့ နေအိမ်မီးရှို့တာတွေအပြင် ကျေးရွာဒေသခံ ပြည်သူတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။