DVB Logo
Home
မြန်မာသတင်း
အယုံလွယ်မှုကြောင့် ငွေကြေးလိမ်လည်သူများ၏ ပစ်မှတ်ဖြစ်နေဟု ဥပ‌ဒေအကြံပေးများ ထောက်ပြ
DVB
·
November 8, 2022
အယုံလွယ်မှုကြောင့် ငွေကြေးလိမ်လည်သူများ၏ ပစ်မှတ်ဖြစ်နေဟု ဥပ‌ဒေအကြံပေးများ ထောက်ပြ
Donate to DVB

မြန်မာလူမျိုးတွေရဲ့ဓလေ့ဟာ များသောအားဖြင့် အယုံလွယ်တဲ့အပြင် လောဘကလည်း ကြီးတာကြောင့် ငွေကြေးလိမ်လည်သူတွေအတွက် ပစ်မှတ်ဖြစ်နေရတာလို့ ငွေကြေးဆိုင်ရာ ဥပဒေအကြံပေး လုပ်ကိုင်နေသူတွေက ထောက်ပြပြောဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ Capital FX Myanmar အမည်ရှိ ကုမ္ပဏီဟာ လူပေါင်းသုံးသောင်းကျော်က ထည့်ဝင်ထားတဲ့ အစုရှယ်ယာ တန်ဖိုးငွေကျပ် ဘီလီယံပေါင်းများစွာကို လိမ်လည်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့အကြာင်း ပြည်တွင်း သတင်းမီဒီယာတခုက ထုတ်ဖော် ရေးသားထားပါတယ်။

အဆိုပါမီဒီယာရဲ့ အဆိုအရ Capital FX Myanmar ကုမ္ပဏီဟာ နိုင်ငံခြားငွေကြေးဆိုင်ရာ ဈေးကွက်ရောင်းဝယ်မှုလုပ်ငန်းကို လုပ်ကိုင်နေတာကြောင့် အစုရှယ်ယာ ထည့်ဝင်လိုသူတွေ အနေနဲ့ အနည်းဆုံး ကျပ် ၃ သိန်းမှ သိန်းထောင်ချီအထိ ရှယ်ယာတွေကို ဝယ်ယူနိုင်ပြီး ရှယ်ယာငွေအတွက် အချိန် ၁ လ ထားရှိပါက အတိုးနှုန်းအနေနဲ့ ၁၀ ရာခိုင်နှုန်း သတ်မှတ်ထားကာ အချိန် ၃ လအထိ ထားမယ်ဆိုပါက အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနဲ့ အချိန် ၆ လအထိ ဆက်ထားမယ်ဆိုရင် အတိုးနှုန်း ၁၅ ရာခိုင်နှုန်းအထိ ရရှိမယ်လို့ မက်လုံးပေးထားပြီး ဆွဲဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ပဲ အတိုးနှုန်းကို မက်လုံးပေးပြီး ဆွဲဆောင်ခဲ့တဲ့အပေါ် ပြည်သူတချို့က အယုံလွယ်ခဲ့ပြီး ဝယ်ယူခဲ့တာကြောင့် မိမိစုဆောင်းထားတဲ့ ငွေတွေ ဆုံးရှုံးရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီလို့ ငွေကြေးဆိုင်ရာ ဥပဒေအကြံပေးလုပ်ကိုင်သူတွေက ထောက်ပြထားပါတယ်။

ငွေကြေးဆိုင်ရာ ဥပဒေအကြံပေး လုပ်ကိုင်နေသူတယောက်က “အဓိကကတော့ ကျနော်မြင်တာက ကျနော်တို့ မြန်မာတွေကလေ ပြောရရင် လောဘပေါ့နော်။ အတိုးနှုန်းက တလကို ဒီလောက်လောက်ရတယ်ဆိုတာနဲ့ ယုံပြီးတော့ လုပ်နေကြတာ။ ဒါတွေက အရင်ကလည်း ရှိခဲ့တယ်။ အခုအချိန်အထိလည်း ရှိနေ၊ ကြားနေ တွေ့နေရတာပဲ။ အခုတော့ ပိုဆိုးတာပေါ့။ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ် (လူမှုကွန်ရက်) တွေပေါ်မှာ လိမ်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ပြောနေကြတာ မြင်နေ ကြားနေရတာတွေ တွေ့မှာပေါ့။ ဘယ်လောက် ထည့်ဝင်လို့ရှိရင် အတိုးဘယ်လောက်ရမယ် ဆိုတာက မမြင်ချင်တဲ့အဆုံးပါပဲ။ ပြီးတော့ လိမ်တဲ့သူတွေအတွက် ပိုလွယ်ကူသွားစေတာက မိုဘိုင်းကနေ ကလစ်ဆိုပြီး တချက်လုပ်လိုက်တာနဲ့ ငွေက အလွယ်တကူ စီးထွက်သွားတာလေ။ ဒီအချက်တွေကြောင့်လည်း အလိမ်ခံရဖို့ ပိုလွယ်ကူစေတယ်နော်။ အမှန်ကတော့ ဒါမျိုးတွေ ဖြစ်လို့ရှိရင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ လိမ်လည်သွားတဲ့သူတွေကို အရေးယူမယ် ဆိုတဲ့အကြောင်း သတိပေး ထုတ်ပြန်ချက်တွေ လုပ်မယ်ဆိုရင် ဘာပဲပြောပြော နည်းနည်းတော့ အဟန့်အတားရှိမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေကတော့ ကျနော်ထင်တယ် လုပ်နိုင်တဲ့အင်အားမရှိလို့ မလုပ်တာလားပေါ့နော်။ ဒီလိုဆိုရင်တော့ နောက်လည်းပဲ ဒါမျိုးတွေနဲ့ ဆက်ပြီး လိမ်နေဦးမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ အရင်ကလည်း ငွေကြေးလိမ်လည်ခဲ့တဲ့ အဖွဲ့အစည်းတွေကြောင့် ဘဝပျက်ခဲ့ရတဲ့သူတွေအထိ ရှိခဲ့တာပါ။ ဒါကြောင့် မိမိ အကျွမ်းတဝင်မရှိတဲ့ လုပ်ငန်းထဲ ခြေစုံပစ်မဝင်ဖို့နဲ့ စဉ်းစားချင့်ချိန်ပြီး လောဘနောက် မလိုက်ကြဖို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက သတိပေး ထောက်ပြထားပါတယ်။

ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ သုတေသီတယောက်က “လိမ်တဲ့သူကတော့ဗျာ ဘာပဲပြောပြော အထင်ကြီးအောင်တော့ လုပ်ထားကြတာပေါ့။ ဟိုးအရင်တုန်းကလည်း ကြားဖူးမှာပါ။ ဧရာမြေနဲ့ အခြားအကျိုးဆောင်လုပ်ငန်းတွေက အဲ့လိုပဲ လိမ်သွားတာလေ။ အဲဒီအချိန်တုန်းက အခုလို ဆိုရှယ်မီဒီယာတွေ မပေါ်သေးတာတောင် အလိမ်ခံရပြီး ပါသွားတဲ့သူတွေက အများကြီးပဲနော်။ တချို့ဆိုရင် ပင်စင်စားဝန်ထမ်းတွေ သူတို့ရဲ့စုဆောင်းငွေတွေ အကုန်လုံး အဲ့ထဲမှာ ပါသွားကြတာလေ။ အခုအချိန်ဆို ပိုတောင် သတိထားကြရမှာ။ ဘာလို့လဲဆို ဆိုရှယ်မီဒီယာပေါ်လာတဲ့အတွက် ပိုက်ဆံလိမ်ဖို့က ပိုလွယ်ကူသွားပြီ။ လိမ်တဲ့ပုံစံတွေက ရိုးရိုးရှင်းရှင်းလေးပါ။ လူတွေကို လစဉ် အတိုးလေး ပုံမှန်ပေးထားတယ်။ ပြီးတော့ အတိုးနှုန်းက ဘဏ်တိုးနှုန်းထက် ပိုပေးပြီး မက်လုံးပေးထားတာဆိုတော့ လူတွေက အကြိုက်ပေါ့နော်။ အစောပိုင်းမှာတော့ ရနေတာပေါ့။ ဒါကလည်း အမှန်တကယ် စဉ်းစားကြည့်ရင် ကိုယ့်ထည့်ဝင်ငွေထဲက ၅၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။ အစောပိုင်းမှာ ပုံမှန်လေး ပေးထားလိုက်ပြီးတဲ့နောက် ကျန်တာကို လိမ်သွားကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ်ဝန်းကျင်က ဧရာမြေ၊ သစ္စာပန်းခင်း၊ ပင်လုံထိပ်ထား၊ မဟာဓနံ၊ လင်းသစ္စာ၊ ကျုံယွမ် အမည်ရှိတဲ့ အထွေထွေအကျိုးဆောင်လုပ်ငန်းတွေဟာ အတိုးနှုန်းနဲ့ မက်လုံးပေးပြီး ပြည်သူတွေထံက ငွေကျပ် ဘီလီယံချီပြီး လိမ်လည်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တစုံတရာ ‌ေလျာ်ကြေးမရရှိတာကြောင့် ငွေစုဆောင်းသူတွေဟာ ဘဝပျက်တဲ့အထိ ဆုံးရှုံးမှုကြီးစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013