DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူ ၂ ဦးကို ပို့ဆောင်ပေးသူများ အမှုဖွင့် အရေးယူခံရ
DVB
·
November 8, 2022
ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်လာသူ ၂ ဦးကို ပို့ဆောင်ပေးသူများ အမှုဖွင့် အရေးယူခံရ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့ကို တရားမဝင် ပြန်ဝင်လာသူ ၂ ယောက်ကို ပို့ဆောင်ပေးတဲ့ ဒေသခံ ၄ ယောက်အား လဝကဥပဒေပုဒ်မ ၁၃(၁)/၁၃(၅) နဲ့ အမှုဖွင့်လှစ်ပြီး မောင်တောမြို့နယ်တရားရုံးမှာ နိုဝင်ဘာ ၁၅ ရက်အထိ ချုပ်ရမန်ယူထားကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ရဲအရာရှိတယောက်က “ဘင်္ဂလားဘက်က တရားမဝင် ဝင်ရောက်လာသူ မွတ်စလင် ၂ ဦးကို လဝက ဥပဒေပုဒ်မ ၁၃(၁) နဲ့ အမှုဖွင့်ထားတယ်။ သူတို့ ၂ ဦးကို လိုက်ပါပို့ဆောင်တဲ့ မောင်တောဒေသခံ ၃ ဦးနဲ့ ဘူးသီးတောင်မြို့က ဒေသခံတဦးကိုတော့ တရားမဝင် ဝင်ရောက်လာသူများအား ကူညီပို့ဆောင်မှု (လဝက) ဥပဒေပုဒ်မ ၁၃(၅) နဲ့ အမှုဖွင့်လှစ်ပြီး ချုပ်ရမန် ၂ ပတ်ရယူထားတယ်” လို့ ပြောပါတယ်။

တဖက်နိုင်ငံမှ တရားမဝင်ပြန်လာသူတွေကို ပို့ဆောင်လို့ ဖမ်းဆီးခံရသူတွေဟာ မောင်တော ရွှေတောင်ကျေးရွာမှ ကျော်အေးမောင် (၂၅ နှစ်)၊ သာယာကုန်းကျေးရွာမှ မောင်ဝင်းကြည် (၂၈ နှစ်) နဲ့ ဦးလှရွှေမောင် (၄၀ နှစ်) တို့ဖြစ်ပါတယ်။

ဘူးသီးတောင်မြို့ ဒေသခံတယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ မွတ်စလင် ၂ ယောက် စုစုပေါင်း ၆ ယောက်ကို မောင်တောမြို့ ၆ မိုင်စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာ ၃၀ ရက် နေ့လယ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ မွတ်စလင် ၂ ယောက်ကို ဆိုင်ကယ်နဲ့ ဘူးသီးတောင်မြို့ကို ပို့ဆောင်ပေးစဥ် ၆ မိုင် စစ်ဆေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံထားရသူ မောင်တောဒေသခံရဲ့ ဇနီးဖြစ်သူက “သူတို့ကို နိုဝင်ဘာ ၁၅ ရက်နေ့အထိ မောင်တောမြို့နယ် တရားရုံးမှာ ချုပ်ရမန်ရယူထားပါတယ်။ ဟိုအပတ် တနင်္လာနေ့ရုံးချိန်းက ကျမတို့ သွားတွေ့ကြတယ်။ တွေ့ခွင့်မပေးပါဘူး” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ မြန်မာဘက် တရားမဝင် ဝင်ရောက်လာသူတွေကို အခကြေးငွေရယူပြီး နေရာအနှံ့ ပို့ဆောင်ပေးနေသူတွေ ရှိနေပြီး လူပွဲစားတွေက ထိုင်း၊ မလေးရှား စတဲ့နိုင်ငံတွေကိုပါ တယောက်ကို ကျပ် သိန်း ၅၀ မှ ၁၀၀ အထိ ရယူပို့ဆောင်နေတဲ့အတွက် မြန်မာနယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ နေ့စဥ်လို ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝတံတားမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း နေထိုင်ခဲ့ကြတဲ့ ရိုဟင်ဂျာအမျိုးသား ၇၈ ယောက်၊ အမျိုးသမီး ၂၃ ယောက် စုစုပေါင်း ၁၀၁ ယောက်ကို ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့နဲ့ လှိုင်ဝတံတား လုံခြုံရေးတပ်ဖွဲ့တွေက ပူးပေါင်းဖမ်းဆီးခဲ့ကြပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူ ၁၀၁ ယောက်ကို ကော့ကရိတ်မြို့နယ် ဒု-လဝကဦးစီးမှူးက တရားလိုပြုလုပ်ကာ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂)/၆(၃) တို့နဲ့ တရားစွဲဆိုထားကြောင်း သတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013