
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ယာဉ်ထိန်းရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေကို ပိတ်ဆို့ဖမ်းဆီးပြီး ဆိုင်ကယ်တစီးကို ကျပ် ၂ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့ ၂ မိုင်ရပ်ကွက် နာရီစင်အနီး နောင်ခိုရပ်ကွက်နဲ့ ဗန်းမော် ၅ မိုင်လမ်းမကြီး နေရာတွေမှာ စစ်တပ်နဲ့ရဲတွေပူးပေါင်းဖမ်းဆီးနေရာမှာ ပြည်သူတွေရဲ့ ဆိုင်ကယ်အစီး ၁၀၀ ကျော်နဲ့ ကားအစီးရေ ၃၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်က “လိုင်စင်မပါတာ ခေါင်းစဉ်တပ်ပြီး ဦးထုပ်၊ ဘက်မှန်၊ ယာဉ်မောင်းလိုင်စင် မပါတဲ့သူတွေကို အကုန်ဖမ်းတာ။ ဖမ်းခံထားရတာ တရုတ်နိုင်ငံလုပ် Kenbo-125 ဆိုင်ကယ်တွေ များတယ်။ အကုန်ပြန်ရွေးခိုင်းမယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ခေတ်ပျက်လို့ ပြည်သူတွေ စားဝတ်နေရေးခက်ခဲနေချိန် သူတို့လုပ်ပိုင်ခွင့်ထဲကနေ မတရားသဖြင့် အခုလို အပြစ်ရှာဖမ်းဆီးပြီး ငွေညှစ်နေတာလို့ ဆိုင်ကယ်ဖမ်းခံရသူတဦးက ပြောပါတယ်။