
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်း ၆ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ Palaw People's Defence Force (PPDF) က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်က ပုလောအခြစိုက် ၂၈၅ တပ်ရင်းကနေ မြိတ်ကိုဆင်းလာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
PPDF တာဝန်ရှိသူက "စခ တွေက ကားနဲ့ အရင်လာတာ။ ခမောင်းတော ရောက်ခါအနီးမှ ခြေကျင် ဆင်းလျှောက်လာတာ။ အင်အား ၅၀ ဝန်းကျင်လောက်ရှိမယ်။ မင်းထိန်ရွာနားရောက်မှာ ကျနော်တို့ဘက်ကမိုင်းဆွဲတာ"လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူများလို့ စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ၅ ယောက် ထက်မနည်း ဒဏ်ရရခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အထိအခိုက်မရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း PDF မဟာမိတ်တပ်ပေါင်းစုက စစ်ကောင်စီစခန်းနဲ့ စစ်ကူတက်တာတဲ့စစ်ကြောင်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့လို့ ပြင်းထန်တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။