
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နနွင်းကိုင်းရွာကို နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီမှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဝင်ရောက်မီးရှို့နေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုမီးရှို့နေတဲ့ စစ်တပ်ဟာ မြောင်မြို့နယ်အတွင်း ပြည်သူတွေထံကနေ လုယက်နေတဲ့ အဖွဲ့ဖြစ်ပြီး အခု နနွင်းကိုင်းရွာကို မီးရှို့နေတာလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာသားတဦးက “ညနေပိုင်း ၃ နာရီကတည်းက ရှို့နေကြတာ၊ ည ၈ နာရီအထိကို မီးက မငြိမ်းသေးဘူး။ သူတို့ကလည်း ရွာထဲကမထွက်သေးဘူး။ ဘာကြောင့်မီးရှို့တာလဲတော့ မသိဘူး။ ဆန်ဖလပ်တင် မော်တော်ကြီးကို PDF တွေကဖမ်းပြီး ဆန်တွေယူတာတော့ ဒေသတွင်းမှာရှိတယ်။ အဲဒါပဲပြောစရာရှိတယ်။ ကျန်တာကတော့မရှိဘူး။ စစ်ကောင်စီ တာဝန်ရှိသူတွေကလည်း ခေါင်းလေးနဲ့ စဉ်းစားကြပါဦး။ ပြည်သူကလုပ်လို့ ပြည်သူ့အိမ် မီးရှို့တာဆို ခံသာသေးတယ်။ လုပ်တဲ့သူကို တွေ့အောင်ရှာပြီး အရေးယူပါ။ အခုဟာက မဆိုင်တဲ့ပြည်သူတွေ မလုပ်စေချင်ဘူး။ ပြည်သူက ဘယ်ဖအေလာလာ ကြောက်နေရတော့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို အဓိကပစ်မှတ်ထားပြီး မီးရှို့နေတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံရွာသားတွေဟာ ဆောင်းရာသီမှာ အနွေးထည်နဲ့ စောင်တွေ အရေးပေါ်အကူအညီ လိုနေတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေထံက သိရပါတယ်။