Home
မြန်မာသတင်း
ပြည်သူ့ဆန္ဒကို လေးစားလိုက်နာရန် မြန်မာစစ်အာဏာရှင်ကို အမေရိကန်နှင့် ပြင်သစ်တိုက်တွန်း
DVB
·
November 8, 2022

မြန်မာပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့  အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့က စစ်အာဏာရှင်ကို တိုက်တွန်းလိုက်ပါတယ်။    

ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာကျရောက်တဲ့  ၂၀၂၀ ရွေးကောက်ပွဲ ၂ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်နဲ့ ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးတို့က ထုတ်ပြန်ကြေညာ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် အခုလိုနေ့က  ရာစုနှစ်တစ်ဝက်ကြာ စစ်အုပ်ချုပ်မှုအောက်မှာ  ဒီမိုကရေစီနည်းကျ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်တိုးတက်ပြောင်းလဲမှုရဲ့ မှတ်တိုင်တခုဖြစ်တဲ့၊ အများလက်ခံတဲ့ ငြိမ်းချမ်းစွာကျင်းပခဲ့တဲ့ ပါတီစုံရွေးကောက်ပွဲမှာ မြန်မာနိုင်ငံတဝန်း ပြည်သူတွေ ဆန္ဒမဲ ပေးခဲ့ကြတယ်၊ ဒီရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဒီမိုကရေစီ သံန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့ပေမဲ့ မြန်မာစစ်အာဏာရှင်က မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို တားဆီးပိတ်ပင်ခဲ့ကာ  ၂၀၂၁ ဖေဖော်ဝါရီမှာ အာဏာသိမ်းယူခဲ့ပြီး မြန်မာနိုင်ငံရဲ့ ၁၀ စုနှစ် တခုစာ ဒီမိုကရေစီရေးတိုးတက်ပြောင်းလဲမှုကို နောက်ပြန်လှည့်စေခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့၊ အားလုံးပါဝင်နိုင်တဲ့ ပါတီစုံ ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေးပေါ်ပေါက်ဖို့ ကြိုးစားနေသူတွေနဲ့အတူ ရပ်တည်ကြောင်း၊  မြန်မာကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ရိုဟင်ဂျာလို့ လူနည်းစုတိုင်းရင်းသားအဖွဲ့တွေအပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ဆက်လက်အားပေးထောက်ခံသွားမယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

စစ်အာဏာရှင်ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲဟာ လက်ရှိအနေအထားအရ လွတ်လပ်ပြီးတရားမျှမှုရှိဖို့ မဖြစ်နိုင်သလို အကြမ်းဖက်မှုတွေပိုမိုဖြစ်ပွားဖို့ တွန်းအားပေးတာ၊ အကျပ်အတည်းကို ပိုမိုကြာရှည်စေတာ၊ တိုင်းပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမှာဖြစ်ပြီး စစ်အာဏာရှင်ရဲ့  အမည်ခံရွေးကောက်ပွဲကိုငြင်းပယ်ကြဖို့နဲ့ ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြဖို့  နိုင်ငံတကာအသိုက်အဝန်းကို  အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အာဏာရှင်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက်  အရေးယူမှု အစီအမံတွေကို အမေရိကန်က မိတ်ဖက်တွေနဲ့အတူ ဆက်လက်လုပ်ဆောင်သွားမယ်၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ပြည်သူ့ဆန္ဒနဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့ဂုဏ်သိက္ခာတို့ကို  လေးစားလိုက်နာဖို့ အာဏာရှင် ဖိအားပေးရင်း တရားမျှတမှုနဲ့ တာဝန်ခံမှု တာဝန်ယူမှုတို့ ရှိစေရန်ဖို့ အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းနဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ သွားမယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အလားတူ ပြင်သစ်နိုင်ငံကလည်း စစ်အာဏာရှင်အနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာဖို့ တောင်းဆိုလိုက်ပြီး   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁  ရက်နေ့မှ စတင်ကာ နိုင်ငံရေး အကြောင်းပြချက်နဲ့ ဖမ်းဆီးထောင်ချထားခံရသူတွေ လွတ်မြောက်ရေးနဲ့ အရပ်ဘက်နဲ့ ဒီမိုကရေစီစနစ် ပြန်လည်ထူထောင်ရေးတို့အတွက် ထပ်မံတောင်းဆိုတယ်လို့ ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၀ ခုနှစ်၊ နို၀င်ဘာ ၈ ရက်မှာ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရက စီမံကျင်းပခဲ့ပြီး မြန်မာပြည်သူလူထုဟာ သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို မဲပုံးမှတဆင့် ထုတ်ဖော်ခဲ့ကြရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရတယ်လို့ ပြင်သစ်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပခဲ့တဲ့ ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂ ၂၆၀ ဦး အပါအဝင် ပါတီပေါင်း ၈၇ ပါတီမှ ကိုယ်စားလှယ်လောင်း ၅,၆၃၉ ဦးတို့က မဲဆန္ဒနယ်ပေါင်း ၁,၁၁၇ နေရာမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပါတယ်။

မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိတဲ့အနက် မဲပေးသူက ၂၇ သန်းကျော် မဲပေးတဲ့ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့ပြီး လွှတ်တော် ၃ ရပ်စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရာခိုင်နှုန်း ၈၀ ကျော် မဲအပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်မျှတဲ့ သန့်ရှင်းတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာလေ့လာစောင့်ကြည့်အဖွဲ့တွေက ကြေညာထားပြီးဖြစ်သလို ရွေးကောက်ပွဲ  ရလဒ်ကိုလည်း ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အသိအမှတ်ပြုထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်က ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ပြီး တရားမဝင် အာဏာသိမ်းခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်ကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်မှာ  ကြေညာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပယ်ပျက်သွားကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်ဟာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို လစ်လျူရှုစော်ကားတာ ဖြစ်သလို နိုင်ငံအနှံ့ တောင်းဆိုနေတဲ့ ပြည်သူဆန္ဒကို ထပ်မံ စော်ကားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်၊

တရားမဝင် စစ်ကောင်စီဟာ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခန့်အပ်ပိုင်ခွင့် လုံးဝမရှိတဲ့အတွက် ကော်မရှင်သစ်ဟာလည်း တရားဝင်အဖွဲ့အစည်းမဟုတ်လို့ ဒီအဖွဲ့ကို ကိုယ်စားပြု ပြောဆိုထုတ်ပြန်တာတွေ မှန်သမျှဟာလည်း တရားမဝင်တဲ့ ပြောဆိုချက်တွေသာဖြစ်တယ်လို့လည်း အန်အယ်လ်ဒီက ပြောပါတယ်။အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်တပ်ဟာ အပြစ်မဲ့ ပြည်သူ ၂,၄၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ နေစဉ်ဆက်တိုက် ကျူးလွန်နေကာ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်တာ၊ သံဃာတော်တွေ၊ အမျိုးသမီးနဲ့ကလေးငယ်တွေ၊ ကျောင်းဆရာ/ဆရာမတွေနဲ့ ကျောင်းသားလူငယ်တွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ ရွာတွေကို မြေလှန်မီးရှို့ ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024