ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၆ ရက်နေ့ ညက ကျောင်းထိုင်ဆရာတော်တပါး အပါအဝင် သံဃာ ၃ ပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့ သုခကာရီကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် အရှင်သုဂန္ဓ၊ ဦးဇင်းတပါးနဲ့ ကိုရင်ကြီးတပါးကို မနေ့ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖမ်းဆီးသွားတာလို့ စစ်တွေမြို့ ခံတယောက်က ပြောပါတယ်။
“ကျနော်တို့လည်း ဒီနေ့မနက်မှသိရတာပါ။ ဆရာတော်အပါဝင် ဘုန်းကြီး ၃ ပါး ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲ ပြီး ဖမ်းဆီးတာဖြစ်နေတယ်။ အဲဒီ စစ်(...)တွေဟာ ရဟန်းသံဃာတွေနဲ့ ပရဟိတ သမားတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး မကြာခဏ ဖမ်းဆီးနေကြတာ။”
ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မကျောင်းတိုက်မှာလည်း နိုဝင်ဘာလ ၄ ရက်နေ့ညက ပဌာန်းပွဲကို ကြွရောက်နေတဲ့ ရွက်ညိုတောင်ရွာက ကျောင်းထိုင်ဆရာတော် ဦးပညာသီရိကို စရဖ အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။