DVB Logo
Home
မြန်မာသတင်း
ယခင်အစိုးရများ ပြည်တွင်းကုန်ထုတ်လုပ်မှု အားမပေးခဲ့ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ပညာရှင်များဝေဖန်
DVB
·
November 7, 2022
ယခင်အစိုးရများ ပြည်တွင်းကုန်ထုတ်လုပ်မှု အားမပေးခဲ့ဟု စစ်ခေါင်းဆောင် ပြောဆိုချက် ပညာရှင်များဝေဖန်
Donate to DVB

အရင် ဒီမိုကရေစီအစိုးရ သက်တမ်း ၂ ခုကာလမှာ ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို အားပေးမှုမရှိခဲ့ဘူးလို့ အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့  ပြောကြားချက်ဟာ ဘယ်အချက်တွေပေါ်မှာ ကိုးကားပြီး ပြောတာလဲလို့ သုတေသီတွေက ဝေဖန် ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၅ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSME) နဲ့ တွေ့ဆုံခဲ့ရာမှာ စစ်ကောင်စီ ခေါင်းဆောင်က အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။

အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အခုလိုပြောကြားချက်ဟာ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ပြောဆိုခဲ့တာမဟုတ်လို့ ပကတိအခြေအနေနဲ့ များစွာ ကွာခြားမှုရှိတယ်လို့ သုတေသီတွေက ဝေဖန်ထောက်ပြထားပါတယ်။

စီးပွားရေးဆိုင်ရာအကြံပေး လုပ်ကိုင်နေတဲ့ ပညာရှင်တယောက်က “ဦးသိန်းစိန်ခေတ်မှာလည်း တိုးတက်မှုရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က ဦးသိန်းစိန် လက်ထက်မှာ တိုင်းပြည်ရဲ့စီးပွားရေးဟာ GDP ၇ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့တယ်လို့ တွက်ချက်ပြောဆိုထားတာရှိတယ်။ ပြီးတော့ NLD အစိုးရလက်ထက်မှာဆိုရင်လည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာရှိတယ်။ အရင်တုန်းက မမှန်ကန်တဲ့ အဖွဲ့အစည်းတွေ၊ ပေါ်လစီ မူဝါဒတွေကလည်း မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်လာတာ တွေ့ခဲ့ရတယ်။ ဒီတော့ မတိုးတက်ပါဘူးလို့ ပြောတာက ဘယ်အချက်အလက်ပေါ်မှာ မူတည်ပြီး ပြောတာလဲပေါ့။ ကျနော်တို့အမြင်ကတော့ ပုံမှန်တိုးတက်မှု လမ်းကြောင်းပေါ် ရောက်လာတယ်လို့ပဲ မြင်ပါတယ်။ ဆိုတော့ စစ်ကောင်စီခေါင်းဆောင်အနေနဲ့ မတိုးတက်ဘူးဆိုတာ ဘာကိုကြည့်ပြောလဲတော့ မသိဘူး။ ရှင်းရှင်းပြောရရင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဝင်သွားတော့မှ စီးပွားရေးက ကျလာပြီး သူတို့ အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးသွားတာ။ ပထမပိုင်းတုန်းက သူ့ဘာသာ အရှိန်က တဖြည်းဖြည်းနဲ့ ရလာနေပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီ့အပြင် ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုလက်ထက်မှာ ပြည်ပထောက်ပံ့ငွေ ချေးငွေတွေကရရှိတဲ့ နိုင်ငံခြားငွေတွေနဲ့ပဲ အဓိက ဖြည့်ဆည်းသုံးစွဲခဲ့တာ တွေ့ရပြီး မိမိတို့အနေနဲ့ နိုင်ငံရဲ့ ကျဆင်းနေတဲ့ စီးပွားရေး ပြန်လည်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင်က ပြစ်တင် ပြောဆိုထားပါတယ်။

ဒီအပေါ် စီးပွားရေးသုတေသီတယောက်က “အဲ့ဒီ ODA (official development assistance)  နဲ့ မလုပ်လို့ ဘယ်ကငွေနဲ့လုပ်မှာလဲ။ ကိုယ့်ဆီမှာ ပိုက်ဆံမှမရှိတာ။ ဖွံ့ဖြိုးဆဲတိုင်းပြည် တော်တော်များများက ဖွံ့ဖြိုးတိုးတက်မှု လုပ်ချင်တယ်ဆိုရင် နိုင်ငံတကာ ချေးငွေတွေနဲ့ပဲ လုပ်ရတာ။ အဲဒီကရလာတဲ့ဟာနဲ့ တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်ပြီး ဖြည်းဖြည်းချင်း ပြန်ဆပ်ရတာ။ ကိုယ့်တိုင်းပြည်မှာ အရင်းအနှီးနဲ့ နည်းပညာ မရှိဘူး။ ကိုယ့်ပြည်တွင်းမှာရှိတဲ့ ငွေကြေးက နိုင်ငံတကာမှာသုံးတဲ့ ငွေကြေးလည်း မဟုတ်ဘူး။ Hyper Currency လို့ခေါ်တဲ့ နိုင်ငံတကာသုံးငွေကြေးက လိုအပ်တယ်လေ။ အဲဒီငွေကြေးနဲ့ အခြေခံ အဆောက်အဦတွေ၊ စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ရတယ်။ အကျိုးအမြတ်ရလာရင် ရလာတဲ့ အကျိုးအမြတ်နဲ့ တိုင်းပြည်တည်ဆောက်ရေးကို ဆက်လုပ်ရတယ်။ ဒါက ဖွံ့ဖြိုးဆဲတိုင်းပြည် တော်တော်များများက ဒီလိုပဲလုပ်ရတာလေ။ ဒါကြောင့် ODA ကို စနစ်တကျ သေသေချာချာ အသုံးချတတ်ဖို့ပဲလိုတယ်။ စနစ်တကျ အသုံးမချတတ်ဘူး ဆိုရင်တော့ လာဘ်ပေးလာဘ်ယူနဲ့ပဲ ပြီးဆုံးသွားပြီး တိုင်းပြည်က အကြွေးသံသရာထဲ ရောက်သွားလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ အစိုးရနှစ်ခု သက်တမ်းကာလမှာ မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုကိုကြည့်ရင် ဦးသိန်းစိန်အစိုးရ စတင်တဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနဲ့ စတင်ခဲ့ပြီး သက်တမ်းကုန်ဆုံးတဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံကျော် ရှိခဲ့ပါတယ်။

အလားတူ NLD အစိုးရလက်ထက်မှာလည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော် ကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇွန်လအထိ) ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃၅ ဘီလီယံအထိ ရှိခဲ့တာ တွေ့ရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ NLD အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာ့စီးပွားရေးဟာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ရှိခဲ့တဲ့ တိုင်းပြည်ရဲ့ စီးပွားရေး GDP ဟာ ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ ကိုဗစ်ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်မှာ ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

အဆိုပါကပ်ရောဂါအရှိန်ကြောင့် တိုင်းပြည်ရဲ့စီးပွားရေး GDP ဟာ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ပြန်လည် နာလန်ထူနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ စစ်တပ်ကအာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့စီးပွားရေး GDP ဟာ အနှုတ်လက္ခဏာအောက် ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013