ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က အခေါက်ရွှေတကျပ်သားကို ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်က ရွှေဆိုင်တွေကို ညွှန်ကြားထားပေမဲ့ ပြင်ပမှောင်ခိုဈေးကွက်မှာ ၁ ကျပ်သားကို ၂၆ သိန်း ၈ သောင်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။
ရွှေကုန်သည်တယောက်က “သူတို့တွေက ရွှေဈေးကို အဲဒီလိုသတ်မှတ်ထားတော့ အပြင်မှာ မှောင်ခိုဈေးကွက်လို ဖြစ်နေတာပေါ့။ မှောင်ခိုဈေးကွက်မှာတော့ ၂၆ သိန်း ၈ သောင်း ဝန်းကျင်လောက်ရှိတယ်။ ကမ္ဘာ့ရွှေဈေးတက်သွားလို့ နည်းနည်းတက်သွားတာ” လို့ ပြောပါတယ်။
ပြင်ပက အမှန်တကယ် ဈေးကွက်ပေါက်ဈေးနဲ့ YGEA က ရောင်းချပေးဖို့ ညွှန်ကြားထားတဲ့ ဈေးက ကျပ် ၁ သိန်းကျော် ကွာဟနေလို့ ရွှေဆိုင်တွေအနေနဲ့ YGEA သတ်မှတ်ဈေးနဲ့ ရောင်းချပေးရမယ်ဆိုရင် တွက်ခြေမကိုက်နိုင်ဘူးလို့ ရန်ကုန်တိုင်းက ရွှေဆိုင်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“ရွှေဆိုင်တွေကတော့ ကိုယ်ဝယ်လို့ရတဲ့ဈေးအပေါ် မူတည်ပြီး ရောင်းရတာကိုး။ ဝယ်လို့မရတဲ့ စျေးတွေနဲ့ ရောင်းခိုင်းရင်တော့ ဘယ်လိုမှ ရောင်းလို့အဆင်မပြေဘူးလေ။ တကယ်လို့ သူတို့က ၂၅ သိန်း ၃ သောင်းစျေးနဲ့ ရောင်းပါပြောရင် သူတို့ အဲ့စျေးနဲ့ ရောင်းပေးရင်တော့ သူတို့ဆီကဝယ်ပြီး ပြန်ရောင်းလို့ရတာပေါ့။ အဲလိုမဟုတ်ရင်တော့ ကိုယ်ဝယ်လို့ရတဲ့ ဈေးအပေါ်မှာပဲ မူတည်ပြီး ကိုက်အောင်ပဲရောင်းရမှာ။”
စစ်ကောင်စီက ပြည်တွင်းရွှေစျေးအပေါ်မှာ အရင်နည်းလမ်းဟောင်းအတိုင်း ဈေးနှုန်း သတ်မှတ်ပေးတဲ့နည်းနဲ့ ထိန်းချုပ်နေပေမဲ့ ရွှေဆိုင်တွေကတော့ သူတို့ ဝယ်ယူရတဲ့စျေးနဲ့ တွက်ခြေကိုက်အောင် အလျော့တွက်ခနှုန်းထား စျေးတင်ပြီး ရောင်းချနေကြတယ်လို့ ရွှေလုပ်ငန်း အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရွှေဆိုင်လုပ်ငန်းရှင်တယောက်က “ကိုယ်က ၂၅ သိန်း ၃ သောင်းစျေးနဲ့ ရောင်းပြီးတော့ ကိုယ် ရောင်းလို့ ကုန်သွားရင် ပြန်ဝယ်တဲ့အချိန်ကျရင် ၂၆ သိန်းကျော် ဖြစ်နေတယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။ အဲဒီတော့ ရွှေဆိုင်တွေက ၂၅ သိန်း ၃ သောင်းစျေးနဲ့ ရောင်းဆိုတော့ အဲ့စျေးနဲ့ ရောင်းရတော့တာပေါ့။ ဒါပေမဲ့ အလျော့တွက်တွေ၊ ဘာတွေတော့ တင်ရောင်းလိုက်တာပေါ့။ ဒါမှ ကိုယ်ပြန်ဝယ်ရင် ကိုက်မှာကိုး။ ဘာမှတော့မထူးပါဘူး။ ၂၆ သိန်းကျော်စျေး ပြန်ဖြစ်သွားတာပါပဲ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အကယ်ဒမီမီးလင်းရွှေ ၁ ကျပ်သား စျေးနှုန်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က ၁၉ သိန်း ၈ သောင်းနဲ့ စျေးကွက်ပိတ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို ၁,၆၈၁ ဒေါ်လာ ရှိပါတယ်။ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကလည်း ပြင်ပစျေးကွက်မှာ ၁ ဒေါ်လာကို ကျပ် ၃,၀၀၀ နဲ့ ၃,၁၀၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ စျေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။