DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၂၀ ထိရှိလာ
DVB
·
November 7, 2022
စစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၂၀ ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၂,၄၂၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၆,၁၀၀ ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၉၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၆၃၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး အကျဉ်းထောင်တွေထဲမှာ သေဒဏ်ချမှတ်ခံထားရသူ ၈၆ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၁၈၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၄ ရက်မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂၆ ယောက် ဒဏ်ရာရခဲ့ပြီး အဲဒီထဲက ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသူတွေကတော့ ရွှေပြည်သစ်ကျေးရွာမှ အသက် ၈၀ အရွယ် ဦးမောင်တူနဲ့ အသက် ၈ နှစ်အရွယ် မောင်အောင်မင်းနိုင်၊ ဝက်မှိုင်းကျေးရွာမှ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးသန်းနုတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၄ ရက် တရက်တည်း နေ့လယ်ပိုင်းအချိန်မှာတော့ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ကနေ မိုင်းဝီးကျေးရွာဘက်ကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ ၂၄၇ ယာဥ်တန်းဟာ မန်စပ်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အဆိုပါတပ်က အဲဒီနေရာအနီးရှိ လယ်အတွင်း စပါးရိတ်နေသူတွေကို သေနတ်နဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် မန်စပ်ကျေးရွာခံ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ ဒေသခံ ၂ ယောက်ကတော့ အနိုင်ယွန်းနဲ့ အယေ့ယေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အနိုင်ယွန်းကတော့ မျက်နှာကို ကျည်ထိမှန်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ သိရပြီး သူ့ကို သေနတ်ထိမှန်ခဲ့တဲ့အပြင် လည်ပင်းကိုလှီးကာ နားရွက်၊ ဝမ်းဗိုက်နဲ့ နောက်ကျောတို့ကိုလည်း ဓားနဲ့ထိုး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013