DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်အတိုင်း လျှောက်လှမ်းမှ နိုင်ငံအေးချမ်းမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
DVB
·
November 7, 2022
အန်စီအေစာချုပ်အတိုင်း လျှောက်လှမ်းမှ နိုင်ငံအေးချမ်းမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လမ်းကြောင်းအတိုင်း လျှောက်လှမ်းတာကပဲ အားလုံးမျှော်မှန်းထားတဲ့ အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ ကရင်ပြည်နယ်နေ့ အခမ်းအနားအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပြီး အန်စီအေစာချုပ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေနဲ့အညီ သက်ဆိုင်သူအားလုံး သဘောတူ ရေးဆွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ငြိမ်းချမ်းတဲ့ အမွေအနှစ်တခုကို ချန်ထားရစ်ဖို့ လိုအပ်သလို ငြိမ်းချမ်းရေးလုပ်ငန်းတွေကို မြန်မြန်လုပ်ဖို့လိုတယ်လို့လည်း ပြောပါတယ်။

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး အန်စီအေရေးဆွဲတာမှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့သူ တယောက်ဖြစ်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက စစ်ကောင်စီအနေနဲ့ အန်စီအေကို အသုံးချပြီး အတုအယောင် ငြိမ်းချမ်းရေးကိုပဲ ဖော်ဆောင်တယ်လို့ မြင်ကြောင်း ပြောပါတယ်။

“ကျနော်တို့ အခုမြင်တာကတော့ အန်စီအေကတော့ စိတ်သဘောထား အရိုးအတိုင်းပဲ လုပ်ဖို့လိုတယ်။ အခု စစ်ကောင်စီကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ခေါ်တွေ့နေတာကတော့ အန်စီအေကို အကောင်အထည်ဖော်တာ မဟုတ်ဘူး။ အန်စီအေကို အသုံးချပြီးတော့ အတုအယောင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်နေတယ်လို့ပဲ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။”

ဒါကြောင့် စိတ်ရင်းစေတနာမှန်မထားဘဲနဲ့ အန်စီအေကို အသုံးချပြီး အတုအယောင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖော်ဆောင်နေတာကတော့ ငြိမ်းချမ်းရေးမရနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ခဏခဏပြောပြီလေ။ ကျနော်တို့ ၂၀၀၈ ကိုအခြေခံတဲ့ နိုင်ငံရေး ချဉ်းကပ်မှုမျိုးကတော့ ကျနော်တို့တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးလိုလားချက်နဲ့ ဘယ်လိုမှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလေ နော်။ ဆိုတော့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ ဆန္ဒဖြစ်တဲ့ ကျနော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျနော်တို့ ဘယ်လိုမှ ပြဋ္ဌာန်းနိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ အန်စီအေ အခြေခံတဲ့ ၂၀၀၈ က ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူးလေနော်။ အဲတော့ ရှင်းနေပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့နော်။”

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူတို့အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အတွက် အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုင်းပြည်အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အမြန်ဆုံး လျှောက်လှမ်းကြရမယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှု ကင်းစင်စွာနဲ့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တွေ့ဆုံဆွေးနွေး အဖြေရှာတာနဲ့ပဲ အောင်မြင်နိုင်မယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013