
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နိုဝင်ဘာ ၅ ရက် ညပိုင်းက စစ်တပ်လေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် နဝမတန်းကျောင်းသားနှစ်ယောက် အပါအဝင် ဒေသခံ ၇ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေတပ်စခန်းကို လက်နက်ကြီးနဲ့ နှစ်ချက် ပစ်ခတ်ခံရအပြီး ၂ မိုင်အောင်သာရပ်ကွက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးကာ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ည ၇ နာရီလောက်က လေတပ်စခန်း လက်နက်ကြီးနဲ့ အပစ်ခံရတယ်။ အဲဒါလည်းပြီးရော ၂ မိုင်အောင်သာရပ်ကွက်မှာ သွားလာနေတဲ့သူတွေရဲ့ ဖုန်းကို စစ်ဆေးပြီး ဖမ်းသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့သူတွေကို စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးမှာ စစ်ဆေးနေတယ်လို့လည်း သူက ပြောပါတယ်။
လေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်လို့ ဒေသခံတွေ ပြောဆိုနေပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။