
ရှမ်းနဲ့ ကယားနယ်စပ် မိုးဗြဲမြို့နယ်မှာ မူးယစ်ဆေးပြား (WY) ဖြန့်ဖြူးရောင်းချသူ နှစ်ယောက်ကို ဆေးပြားအလုံးရေ ၁၀,၀၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ တပ်ရင်းအမှတ် ၁၀၀၇၊ MOBYE တပ်ရင်း-၂ က နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသူ နှစ်ယောက်ကို အရပ်သား သတင်းပေးမှုကြောင့် နိုဝင်ဘာ ၃ ရက်နေ့က ၁၀၀၇ မိုးဗြဲတပ်ရင်း-၂၊ KNDF တပ်ရင်း ၃ နဲ့ ကျေးရွာလူကြီးတွေ ပူးပေါင်းပြီး သွားရောက်စစ်ဆေးစဉ် WY ဆေးပြားအလုံးရေ ၁၁,၂၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို နေရာမှာတင် မီးရှို့ဖျက်ဆီးခဲ့ပြီး ရောင်းဝယ်ဖြန့်ဖြူးသူ နှစ်ယောက်ကို အရေးယူ ထိန်းသိမ်းကာ သူတို့ဆီ မူးယစ်ဆေးပြား ပို့ပေးနေသူတွေကိုလည်း ဆက်လက်ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
တပ်ရင်းအမှတ် ၁၀၀၇ MOBYE တပ်ရင်း-၂ ဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရုံသာမက လူညွန့်တုံးစေတဲ့ မူးယစ်ဆေးပြား (WY) တွေကို တိုက်ဖျက်နိုင်ဖို့အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။