
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ အခုသီးတင်းပတ် ကျင်းပဖို့ရှိတဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေပါ တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပြီး ဒီအစည်းအဝေးမှာ မပြေလည်သေးတဲ့ မြန်မာ့အရေးကိုလည်း အဓိကထား ဆွေးနွေးဖွယ်ရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင် ပညာရှင်တွေက ခန့်မှန်းကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီနဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်တို့မှာ G20 စက်မှုထိပ်သီးနိုင်ငံ ၂၀ ခေါင်းဆောင်များအစည်းအဝေးနဲ့ APEC အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးများအစည်းအဝေးတွေရှိ နေတာကြောင့် အာဆီယံဒေသကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ လာရောက်ဖို့ရှိနေပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ပါဝင်သဘောတူညီခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့တာကြောင့် မြန်မာ့ပဋိပက္ခတွေ ပြေလည်စေရေးအတွက် အာဆီယံရဲ့ အခန်းကဏ္ဍကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် ဖရိုဖရဲဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ မြန်မာစစ်ကောင်စီကို ခိုင်မာတဲ့အချိန်ကာလတစ်ခု သတ်မှတ်ပေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူညီခဲ့ကြပါတယ်။
အာဆီယံနိုင်ငံတွေက မြန်မာ့အရေးကို တော်တော်စိတ်ပျက်နေကြပြီလို့ ယူဆကြောင်း စင်ကာပူနိုင်ငံရဲ့ နန်ယန်နည်းပညာတက္ကသိုလ်မှာ နိုင်ငံခြားရေးမူဝါဒ လက်ထောက်ပါမောက္ခ ဒိုင်လန်လိုက South China Morning Post သတင်းစာကို ပြောပါတယ်။
ဝန်ကြီးများအဆင့်အစည်းအဝေးတွေမှာသာ မကဘဲ အာဆီယံအစည်းအဝေးတွေတိုင်းမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေမတက်ရောက်နိုင်အောင် တားမြစ်တာလိုမျိုး မြန်မာစစ်အာဏာရှင်တွေကို ပိုပြီးထိရောက်တဲ့နည်းတွေနဲ့ ပိတ်ဆို့ဖိအားပေးတာတွေကို အခုတစ်ခေါက်ညီလာခံမှာ ဆောင်ရွက်ကြလိမ့်မယ်လို့လည်း ယူဆကြောင်း သူကပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ အပြီးတိုင်ထုတ်ပယ်ဖို့ တောင်းဆိုကြတာတွေရှိနေပြီး အာဆီယံက မြန်မာစစ်ကောင်စီကို ဘယ်အတိုင်းအတာထိ ဘယ်လောက်ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲလို့ ဆိုပါတယ်။
မြန်မာစစ်တပ်ကို နိုင်ငံရေးမှာ နောက်ဆုတ်သွားအောင် အာဆီယံက လုပ်နိုင်မယ်လို့ မထင်ပေမဲ့ အာဆီယံဟာ မြန်မာစစ်တပ်ထင်တိုင်းကြဲနေတာကို လက်ပိုက်ကြည့်နေသလိုတော့ နေလို့မရဘူးလို့ ဒိုင်လန်လိုကပြောပါတယ်။
“ရလဒ်ကတော့ အကောင်းဆုံး ဖြစ်ချင်မှဖြစ်မှာပေါ့၊ ဒါပေမဲ့ အာဆီယံအနေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ ပုံမျိုးတော့ဖြစ်မှရမယ်။ အခုချိန်မှာ ဒီပြဿနာက အာဆီယံအတွက် စိန်ခေါ်မှုအများဆုံးပြဿနာတွေထဲက ဖြစ်လိမ့်မယ်။
မြန်မာနိုင်ငံကို အာဆီယံမှာ ပါဝင်ပတ်သက်မှုတွေ ပိုမိုလျှော့ချတာတွေဖြစ်နိုင်တယ်ဆိုတာကို စင်ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပူးတွဲ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ချုံဂျာအန်ကလည်းထောက်ခံခဲ့ပါတယ်။
ထို့အတူ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့အတွက် မြန်မာစစ်အာဏာရှင်တွေကို အာဆီယံက ဖိအားပေးတာ ဒါမှမဟုတ် စည်းရုံးတာတွေမလုပ်နိုင်ခဲ့တာကိုလည်း သူကထောက်ပြခဲ့ပါတယ်။
ရှုပ်ထွေးပြီး အမြဲတမ်းပြောင်းလဲနေတဲ့ မြန်မာနိုင်ငံကမြေပြင်အခြေအနေတွေအပေါ် မတူညီတဲ့အစိုးရတွေ ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ လမ်းစဉ်နဲ့ ဆောင်ရွက်ချက်တွေဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သိမြင်လာကြမှာပါလို့ ဆိုပါတယ်။
အခုနှစ်ရဲ့ အာဆီယံခေါင်းဆောင်များ ညီလာခံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်းဆွေးနွေးနိုင်သလို၊ အရင်နှစ်တွေနဲ့မတူဘဲ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်၊ ထိုင်ဝမ်ရေလက်ကြားအရေးနဲ့ မြောက်ကိုရီးယားရဲ့ လတ်တလောဒုံးကျည်စမ်းသပ်နေမှုတွေကပါ အာဆီယံခေါင်းဆောင်များညီလာခံကို ပိုပြီးဖိအားများစေလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: South China Morning Post