
ရန်ကုန်၊ လှိုင်သာယာ၊ အောင်ဇေယျကြိုးတံတားအဆင်း YBS ယာဉ်တိုက်မှုမှာ ဒဏ်ရာရတဲ့သူ ၃၀ ကျော်ကို လှိုင်သာယာဆေးရုံဆီ အရေးပေါ် ပို့ဆောင်ထားရာမှာ နိုဝင်ဘာ ၇ ရက် ဒီနေ့မနက်မှာတော့ ဆေးရုံပေါ်မှာ ဒဏ်ရာပြင်းထန်တဲ့သူ ၁၈ ယောက်ပဲ ကျန်တော့ကာ ကျန်တဲ့လူတွေက ဆေးရုံကနေ ဆင်းသွားပြီလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အင်းစိန်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ကို ဆက်သွယ်ထားတဲ့ အောင်ဇေယျ ကြိုးတံတားအဆင်းမှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက YBS ၆၁ ယာဉ်လိုင်းနဲ့ YBS ၆၉ ယာဥ်လိုင်း မျက်နှာချင်းဆိုင်တိုက်မိပြီး ခရီးသည် ၁ ယောက် သေဆုံးကာ အယောက် ၃၀ ကျော် ဒဏ်ရာရသွားခဲ့တာပါ။
အင်းစိန်ဘက်ကနေ လှိုင်သာယာကိုသွားတဲ့ ၆၉ ယာဉ်လိုင်းက တဖက်ယာဉ်ကြောပေါ် ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက်ခြမ်းကလာတဲ့ ၆၁ လိုင်းကယာဉ်ကို သွားရောက်တိုက်မိခဲ့တာလို့လည်း ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘာကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ် ဆိုတာနဲ့ ယာဉ်မောင်းဖြစ်သူကို ဘယ်လိုပုဒ်မတွေနဲ့ အရေးယူထားလဲ ဆိုတာကို သီးခြား အတည်မပြုနိုင်သလို သက်ဆိုင်ရာ ရဲစခန်းကို စုံစမ်းမေးမြန်းခဲ့ပေမဲ့လည်း လက်ခံဖြေကြားတာ မရှိပါဘူး။