Home
မြန်မာသတင်း
ပခုက္ကူထောင်၌ နိုင်ငံရေးအကျဉ်းသားများ တိုက်ပိတ်ရိုက်နှက် ရှော့တိုက်နှိပ်စက်ခံနေရ
DVB
·
November 7, 2022

မကွေးတိုင်း၊ ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ကို ထောင်အာဏာပိုင်တွေက ၂ ရက်ကြာ တိုက်ပိတ်ထားကာ ရိုက်နှက်၊ လျှပ်စစ်နဲ့ ရှော့တိုက်နှိပ်စက်ခဲ့တယ်လို့  မုံရွာသပိတ်ဦးဆောင်ကော်မတီက ပြောတယ်။

အောက်တိုဘာလကုန်ပိုင်းက ပခုက္ကူအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ယောက်ကို စစ်ကောင်စီလက်အောက်ခံအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက  ၂ ရက်နဲ့ ၂ ညကြာ လုံးဝအိမ်ခွင့် မပေးတဲ့အပြင်  အစာမကျွေး၊ ရေမတိုက်ဘဲ တိုက်ပိတ်နှိပ်စက်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက “အဓိကကတော့ အကျဉ်းသား ၇ ယောက်ကို တိုက်ပိတ်ထားတယ်။ ၂ ရက်နဲ့ ၂ ည လုံးဝမအိပ်ခိုင်းဘူး။ မစားရဘူး ရေသောက်တယ်ဆိုရင်တောင်မှ လက်သီးနဲ့ထိုးတာတွေ ရင်ဘတ်တွေကိုဆောင့်ကန်တာတွေ ပြီးတော့ရှော့တိုက်တာတွေချည်းပဲ လုပ်တာပေါ့ဗျာ။ အခုအချိန်အထိကတော့ အကျဉ်းသား ၃ ဦးတိုက်ပိတ်ခံထားရဆဲဖြစ်တယ်။"

ပခုက္ကူထောင်မှာ လတ်တလော ထောင်ဝင်စာတွေ့ခွင့်လည်းပိတ်ထားသလို ထောင် ဈေးဆိုင်တန်းမှာလည်း ကုန်ပစ္စည်းတွေကို အကျဉ်းဦးစီးက အဆမတန်ဈေးတွေတင် ရောင်းချနေတယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

"ပခုက္ကူအကျဉ်းထောင်မှာ အစာရေစာဖြတ်တောက်တာတွေ၊ တိုက်ပိတ်တာတွေ၊ သတင်းမှားတွေလွှင့်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဲ့ဒါတွေကတော့ အများကြီးပဲဖြစ်နေတယ်လို့ ကျနော်တို့ သိထားရတယ်ဗျ။ ဒီကာလကတော့ သူတို့ ထောင်ဝင်စာ လုံးဝပိတ်ထားတဲ့ကာလပေါ့။ အဲ့ဒါအပြင်အကျဉ်းထောင်တွေထဲမှာ ဈေးဘားကဖွင့်ထားပေမဲ့ ဈေးဘားထဲမှာ ဈေးနှုန်းတွေက အဆမတန် လုပ်ထားတယ်။ အကျဉ်းထောင်ထဲမှာ သုံးလို့ရတဲ့ပစ္စည်းဈေးနှုန်းတွေက အဆမတန်ဈေးတင်ပြီးတော့ ရောင်းနေတာပေါ့။”

လက်ရှိအချိန်အထိ အကျဉ်းသား ၃ ယောက် တိုက်ပိတ်ခံထားရဆဲဖြစ်ပြီး နောက်ဆက်တွဲအခြေအနေတွေကို မသိရသေးဘူးလို့ ဆိုပါတယ်။  သပိတ်ကာလတုန်းက မကွေးအကျဉ်းထောင်တွေမှာ ထောင်တွင်းအကြမ်းဖက်မှုတွေဟာ သိပ်မဆိုးရွားခဲ့ပေမယ် ခုခံစစ်ဆင်နွှဲပြီး PDF တွေဖွဲ့စည်းချိန်ကစပြီး အခုနောက်ပိုင်းဖမ်းဆီးခံရတဲ့ လူငယ်တွေကတော့ ဆိုးရွားတဲ့ထောင်တွင်းအကြမ်းဖက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

မကွေးတိုင်းရဲ့အဓိကအကျဉ်းထောင်ကြီး ၂ခုဖြစ်တဲ့ ပခုက္ကူထောင်နဲ့ ဒေါင်းနေထောင်တွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၀၀၀ ကျော်လောက်ရှိနေတယ်လို့ မကွေးဒေသခံနိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတစ်ဦး "မကွေးတိုင်းအထက်ပိုင်း ဂန့်ဂေါခရိုင်၊ ပခုက္ကူခရိုင်တွေမှာ ဖမ်းဆီးခံရသူတွေကို ပခုက္ကူအကျဉ်းထောင်မှာထိန်းသိမ်းတယ်။ အမှုရင်ဆိုင်ရတာကလည်း ပခုက္ကူထောင်တွင်းတရားရုံးမှာပဲ။ မကွေးတိုင်းအောက်ပိုင်း မင်းဘူး၊ မကွေး၊ သရက်ခရိုင်တွေမှာ အဖမ်းခံရသူတွေကိုတော့ မကွေးထောင်လို့ခေါ်တဲ့ ဒေါင်းနေ(ခေါ်) ဒေါင်းသေ အကျဉ်းထောင်မှာထားတယ်။ အဲ့ဒီမှာရဲတပ်ရင်းလည်းရှိတယ်။ ထောင်လည်းရှိတယ်။ CDMတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဖမ်းခံရတာတွေရှိတယ်။ လူငယ်ပိုင်းကြတော့ PDF နာမည်တပ်ပြီး အဖမ်းခံရတာတွေရှိတယ်။ ခန့်မှန်းခြေပြောရရင် မကွေးတတိုင်းလုံးမှာ ငါးထောင်ဝန်းကျင်တော့ရှိမယ်။"

ပခုက္ကူထောင်မှာ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထောင်တွင်းဆူပူမှုတချို့ရှိခဲ့တာကြောင့် အခုဖြစ်ရပ်တွေဟာ နောက်ဆက်တွဲဖြစ်ရပ်တွေဖြစ်တယ်လို့ ဒေသခံနိုင်ငံရေးအသိုက်အဝန်းက ခန့်မှန်းပါတယ်။

အဲ့ဒီနောက်ပိုင်း မိန်းကလေးအကျဉ်းသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို တခြားထောင်တွေကိုပို့ဖို့ အကျဉ်းဦးစီးက စီစဉ်နေတယ်လို့ ထောင်တွင်းသတင်းပေးတွေဆီက သိရပါတယ်။

စစ်ကောင်စီက တော်လှန်ရေးသမားတွေကြောက်စိတ်ဝင်အောင်နဲ့ မိသားစုဝင်တွေ စိတ်ဆင်းရဲရအောင် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက "အကျဉ်းထောင်တွေအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုတွေဖြစ်တာက ကျနော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တိုင်းနီးပါးမှာဖြစ်နေတာပေါ့။ ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်တာဆိုတော့ အထက်ကညွှန်ကြားချက်ရှိပါလိမ့်မယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထား အငြိုးပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျလုပ်နေတယ်လို့ပဲ ကျနော်တို့ယုံကြည်ပါတယ်။"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်နဲ့ အကျဉ်းစခန်း ၉၀ ကျော်မှာ အကျဉ်းထောင်တွင်းသတင်းတွေအမှောင်ချခံထားရပြီး လူ့အခွင့်အရေးချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ မတရားသတ်ဖြတ်မှုတွေရှိနေတာပါ။

အကျဉ်းထောင်တွေထဲမှာ အကျဉ်းဦးစီးလက်အောက်ခံထောင်ဝန်ထမ်းတွေသာမက စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) နဲ့ ရဲတွေပါဝင်ရောက်ပြီး တိုက်ရိုက် စီမံအုပ်ချုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က အတည်ပြုထားပါတယ်။ ထောင်တွင်းအကြမ်းဖက်မှုသတင်းတွေ အပြင်ကိုမပေါက်ကြားဖို့အတွက် အကျဉ်းသားတွေအပေါ် စည်းကမ်းအထူးတင်းကျပ်ပြီး အနီးကပ်စောင့်ကြည့်နေကြတယ်လို့လည်းဆိုပါတယ်။ 

နိုဝင်ဘာ ၄ ရက်အထိ AAPP ရဲ့မှတ်တမ်းတွေအရ နိုင်ငံတဝန်း ကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း  ၁၂၈၀၀ ကျော်အထိရှိနေပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024