DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့်စာသင်ကျောင်းပျက်စီး၊ ဒေသခံပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး
DVB
·
November 6, 2022
ကန့်ဘလူမြို့နယ်၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့်စာသင်ကျောင်းပျက်စီး၊ ဒေသခံပြည်သူ ၄၅၀၀ ကျော် ထွက်ပြေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အလယ်ခုံကျေးရွာရှိ စာသင်ကျောင်းထိခိုက်ပျက်စီးသွားခဲ့ပြီး ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူ ၄၅၀၀ ကျော်  ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုဝင်ဘာ ၅ ရက် မနက် ၁၁ နာရီလောက်က ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ မိဿလင်ကျေးရွာကို‌ စစ်ကောင်စီတပ်က ရောက်ရှိလာပြီး ဇော်ချောင်း၊ သင်တော၊  အလယ်ခုံနဲ့ လွင်ကြီးကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက"ကိုးတောင်ဘို့ကနေ မိဿလင်ရွာကိုရောက်လာပြီး အဲ့ဒီကနေ လက်နက်ကြီးနဲ့ ပစ်တာ။ အလယ်ခုံရွာက စာသင်ကျောင်းထဲ လက်နက်ကြီးကျတယ်။ လူထိခိုက်မှုတော့ မရှိပေမဲ့ ကျောင်းဆောင်က ထိခိုက်ပျက်စီးသွားတယ်။ ဒီဘက်အခြမ်းက ကျေးရွာ ၄ ရွာက ဒေသခံ ၄၅၀၀ ကျော်လောက်ဘေးလွတ်ရာ ထွက်ပြေးရတယ်။ အရင်ကလည်း စစ်ကောင်စီတပ်က ဒီဘက်ခြမ်းတွေမှာ စစ်ကြောင်းထိုးပြီး အိမ်ခြေတော်တော်များများ မီးရှို့ခဲ့တာတွေရှိတော့ အန္တရာယ်များလို့ တိမ်းရှောင်ကြရတာ " လို့ ပြောပါတယ်။ 

အဲ့ဒီနောက် မွန်းတည့် ၁၂ နာရီလောက်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဟာ မိဿလင်ကျေးရွာကနေထွက်ခွာသွားပြီး ကိုးတောင်ဘို့‌ကျေးရွာဘက်ကို ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၃ ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ကန့်ဘလူမြို့နယ် ဇီးကနားကျေးရွာနေ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တယောက် သေဆုံးခဲ့ရပြီး သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပိုမိုပြုလုပ်လာတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013