
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ သမ္ဗန်ဆိပ်ကျေးရွာမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား နှစ်ယောက်သေဆုံးကာ၊ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၁၁ နာရီခွဲက သမ္ဗန်ဆိပ်ကျေးရွာရှိ ကိုသိန်းဇော်ရဲ့နေအိမ်မှာ သူငယ်ချင်းတွေ စကားထိုင်ပြောနေစဥ် အမည်မသိ အမျိုးသားတွေက သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
"သေတာက သိန်းဇော်နဲ့ သိန်းဝင်း ညီအစ်ကို။ သူတို့နှစ်ယောက်ကို ပျူစောထီးအဖွဲ့ဝင်တွေလို့ ပြောကြတယ်။ သေနတ်နဲ့ပစ်တာ အချက်ပေါင်းများစွာ သုံးဦးကလည်း အခြေအနေ မကောင်းဘူး"လို့ ပြောပါတယ်။
သေဆုံးသူနှစ်ယောက်ကို တွံတေးမြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူသုံးယောက်ကိုတော့ စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
"သေနတ်နဲ့ပစ်တာ အချက်လေးဆယ်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတွေလည်း အခြေအနေမကောင်းဘူး"လို့ ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ခဲ့တာလဲဆိုတာ သီးခြားအတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ သမ္ဗန်ဆိပ်ကျေးရွာကို စစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး တွံတေးမြို့နယ်ထွေအုပ်ရုံးမှာ တပ်စွဲထားပါတယ်။
နိုဝင်ဘာ ၃ ရက် ညနေပိုင်းကလည်း တွံတေးမြို့နယ် ကဘင်ကြီးကျေးရွာမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အမျိုးသားတယောက် ဒဏ်ရာရခဲ့ပါတယ်။
ရန်ကုန်က မြို့နယ်အချို့တွင် နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်ခဲ့ပြီး နှစ်ယောက်သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။