
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်တောင်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက နိုဝင်ဘာ ၂ ရက်ကနေ စတင်ပြီး အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးကာ ထုံးစံအတိုင်း မီးရှို့နေတာကြောင့် ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အစားအသောက်နဲ့ ဆေးဝါးတွေ ပြတ်တောက် နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
နဂါးတွင်းဒေသခံက “သူတို့က တောပုရွာကနေ ကျွန်တော်တို့ နဂါးတွင်းရွာကို စပြီး စစ်ကြောင်း ထိုးတယ်။ ရွာကို စခန်းချပြီး ရွာကို မီးရှို့တယ်။ အိမ်ခြေ ၁၅ လုံး မီးရှို့တယ်။ ရွာထဲက ၉ အိမ်၊ ရွာအပြင်က အိမ် ၆ လုံး ရှို့ထားခဲ့တယ်။ အဲဒါက နိုဝင်ဘာ ၃ ရက်ကရှို့ တယ်။ နိုဝင်ဘာ ၄ ရက်ကျတော့ ဂျိုးစုရွာ ၊ထိန်ပင်စု၊ ချမ်းသာကျွန်းကို စစ်ကြောင်း ထိုးတယ်။အဲဒီရွာဘက်တွေလည်း မီးရှို့တယ်။ အတိကျတော့ မသိရသေးဘူး။ ခန့်မှန်းခြေ ၂၀ ကျော် ၃၀ လောက်ရှိမယ်။ ချမ်းသာကျွန်းရွာသား တဦး သတ်ထားခဲ့တာ ရှိနေတယ်။ ဒါက လတ်တလော အချိန်သိရလောက်ပါ။ စစ်ကြောင်းက ရွာထဲက မထွက်သေးတော့ အကုန်လုံးမ သိရသေးဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီက ချမ်းသာကျွန်းကျေးရွာက ဒေသခံရွာသား တယောက်ကို သတ်ဖြတ်ခဲ့တာ နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကောင်စီက လက်ရှိ နိုဝင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီလောက်မှာလည်း နဂါးတွင်းရွာအနီးက ရန်နိုင်ကျွန်းကျေးရွာကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး မုံရွာ Aung San Force အဖွဲ့တာဝန်ရှိသူ ရိုဟန်းကြီးက “လက်နက်အင်အား မမျှတော့ ဘာမှ မလုပ်ပေးနိုင်ဘူးဗျာ…။ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်။ စစ်ကြောင်းထိုးတာကလည်း ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ” လို့ ပြောဆိုပါတယ်။