
တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာ အရှေ့ကျောင်းဆရာတော် ဥူးဓမ္မဝံသ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို နိုဝင်ဘာ ၅ ရက် မနက် ၅ နာရီလောက်က နဘုလယ်ဒေသမှာ ကင်းပုန်းဝပ် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ဆရာတော်ဟာ ပေါင်ထိမှန်ပြီး ထားဝယ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နဘုလယ်ဒေသခံ တဦးက “ပရဒတ်ရွာကထိန်ကို ကြွတာပါ။ ကျောင်းက ကားပါပဲ။ ဘာဖြစ်လို့ ပစ်မှန်းမသိဘူး။ ပစ်ခံရတာက မူးဒူးနဲ့ထိန်ကြီးကြားက ဇွန်အင်းတံတား (ပုစွန်အင်းတံတား) မှာပါ။ ၆ ချက်ပစ်ခံရတယ် ဆရာတော်မှာ ပေါင်ထိတယ်။ ကားသမားကမထိဘူး” လို့ ပြောပါတယ်။
နဘုလယ်ဒေသကို စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်မှာဖြစ်လို့ လုံခြုံရေးယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၂ ရက်ကတည်းက ဝင်ရောက်လာပြီး မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်ရွာတွေမှာ ကင်းပုန်းဝပ်နေတာဖြစ်ပါတယ်။
ရေဖြူမြို့နယ် ခမောင်းချောင်းရွာအနီးပတ်ဝန်းကျင်က ရွာတွေမှာတော့ နိုဝင်ဘာ ၂ ရက်ညက ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရွာသားတချို့ ရှောင်နေကြပေမဲ့ တချို့ရွာတွေမှာတော့ တိမ်းရှောင်းသွားတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လက နဘုလယ်ဒေသကို စစ်ကြောင်းထိုးစဉ်ကလည်း ဧကနိရွာ ဘုန်းကြီးကျောင်းက အခန်းနေ သံဃာတော်တပါး ရေဖြူမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တာရှိတယ်လို့ ရေဖြူပအဖရဲ့ မှတ်တမ်းတွေအရသိရပါတယ်။