DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
November 5, 2022
ဘူးသီးတောင်တွင် လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်   သရက္ကင်းမနူးကျေးရွာမှာလည်း နိုဝင်ဘာ  ၅  ရက် မနက် ၁၁ နာရီက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ကျောင်းဆရာ တယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို ကလေး ၁ ယောက်အပါအဝင် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရွာသားတဦးက "လက်နက်ကြီးကတော့ စကခ(၁၅)နဲ့ နောက် တပ်ရင်း တပ်ဖွဲ့တွေကတော့ ကျေးရွာတွေနားကို နေတိုင်း ပစ်နေတာတာတော့ ရှိတယ်။ အခု ပစ်တာကတော့ စစ်တပ်က ပစ်တာလား။ ဘယ်သူဘက်က ပစ်တာလည်းဆိုတာ အတိအကျ မပြောနိုင်ဘူး။ ရွာသူရွာသားတွေကတော့ ကြောက်လန့် ထွက်ပြေးနေကြတယ်" လို့  ပြောပါတယ်။

သေဆုံးသွားသူမှာ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာ အဘူနော်ဆဲရ်ဖြစ်ပြီး ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးခဲ့ကာ ၅ နှစ်အရွယ် ရှာဟတ်နဲ့ ၃၂ နှစ်အရွယ် လိုင်လာတို့က ခြေသလုံးနဲ့ လက်မောင်းမှာ ဒဏ်ရာ ရခဲ့ကြတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

"ဒီနေ့မနက်မှာ ဖြစ်တာ။ ပထမဆုံး လက်နက်ကြီးတလုံးက ရွာနားမှာကျလို့  ၅ နှစ်အရွယ်ကလေး တဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရတာ။ ဒဏ်ရာရသူတွေကို ကျောင်းဆရာက ကူညီဖို့ သွားတာ။ သူက အရင်ကလည်း ဆေးမှူး လုပ်ခဲ့ဖူးတယ်။ ကူညီဖို့ သွားတဲ့အချိန်မှာ နောက်ထပ် လက်နက်ကြီးတလုံးကျလာပြီး ပွဲချင်းပြီးသေဆုံးသွားတာ။"

အိမ်ခြေ ၁၂၀ ရှိတဲ့ သရက္ကင်းမနူးကျေးရွာဟာ ဘူးသီးတောင်အခြေစိုက်အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ လမ်းမြောက်ဘက်မှာတည်ရှိပြီး  လက်နက်ကြီး ကျရောက်တာကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နဂရာရွာမြောက်ဘက်၊ ရုပ်သားရွာနောက်ကျောဘက်က တောင်တန်းကို ဒီမနက်အစောပိုင်း ၃ နာရီခွဲလောက်မှာ စစ်ကောင်စီက တိုက်လေယာဥ်တစီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ နဂရာကျေးရွာဒေသခံ တယောက်က ပြောပါတယ်။

နဂရာကျေးရွာကို  နိုဝင်ဘာ ၄ ရက်မှာလည်း စစ်ရေယာဥ် ၂ စီးက ပစ်ခတ်ခဲ့လို့ နေအိမ်တလုံး ထိခိုက်ပျက်စီခဲ့ပေမဲ့ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြလို့ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ရေးနဲ့ထောက်ပို့ ရဟတ်ယာဥ်တွေကတော့ တရက်ကို ၄ စီးထက်မနည်း စစ်တွေ ခလရ ၂၀ ကနေ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပလက်ဝဘက်တွေကို ဆက်တိုက် သွားလာ နေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အင်အားတွေ၊ ရိက္ခာတွေ ပို့သလားတော့ မသိဘူး။ နေအိမ် ခေါင်မိုးပေါ်တွေကနေ ရဟတ်ယာဥ် တစီးပြီး တစ်စီးဖြတ်ပျံနေတာ အများစုကတော့ စစ်တွေမြို့ဘက်ကနေ မြောက်ဘက်ကို နေ့တိုင်းသွားလာနေကြလို့ ဒေသခံတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံရမှာကို စိုးရိမ်နေကြရတယ်”လို့ ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ နိုဝင်ဘာ ၄ ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ယောက်သေဆုံးကာ ၂၃ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013