DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၁၃ ဦး ထိ ရှိလာ
DVB
·
November 5, 2022
အာဏာသိမ်းစစ်အုပ်စု အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၂၄၁၃ ဦး ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၁၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၀၈၉ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၇၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့လည် ၂ နာရီအချိန်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းမှ အနီးနားက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဇီးကနားကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေး ၁ ယောက် သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေး ၁ ယောက်အပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်ည ၇ နာရီ ၄၀ မိနစ်အချိန်ကလည်း ခမရ ၅၉၀ မှ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ထီးတိုလိုကျေးရွာကို လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်ဟာ ကျေး ရွာအတွင်းရှိ အသက် ၇၈ နှစ် အရွယ် ချပ်သေးရဲ့ နေအိမ်အနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ချပ်သေးမှာ ဦးခေါင်းနဲ့ ဝမ်းဗိုက်ကို ကျည်စ ထိမှန်ပြီး နေရာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013