
ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ ပိန်းချစ်ကျေးရွာအုပ်စု၊ ကုန်းဆွက်ရွာမှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်လောက် စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၅ လုံး ကျေးရွာအတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တချို့ မီးလောင် ပြာကျ သွားပြီး အမျိုးသမီး နှစ်ယောက်၊ အမျိုးသား တယောက်နဲ့ ကလေးငယ် တယောက် ဒဏ်ရာရခဲ့ တယ်လို့ ရွှေလွိုင်ကော်ပရဟိတ အသင်းဆီက သိရပါတယ်။
ဒေသခံတဦးက “စစ်တပ်က တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီး နဲ့ ပစ်တာပါ။ ဘယ်တပ်က ပစ်တယ်ဆိုတာ မသိရသေးဘူး။ ထင်တာကတော့ လွိုင်လင်လေးအခြေစိုက် ခလရ ၅၃၀ တပ်က ပစ်တာလို့ ထင်ပါတယ်။ ဒဏ်ရရတဲ့ လူနာတွေကို ရွှေလွိုင်ကော်ပရဟိတ အသင်းက ဆေးရုံကို ပို့ဆောင်ထားပေးတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန် ဒဏ်ရာရသွားတဲ့ ပြည်သူ ၄ ဦးမှာ ဒေါ်နန်းမွန်း၊ ဦးဒေးဗစ်၊ အသက် ၂ နှစ်အရွယ် မနန်းစုဒါလီ နဲ့ မျက်လုံးထိမှန်ဒဏ်ရာရခဲ့တဲ့ ဒေါ်လှရွှေကတော စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂ ရက်ညက ကုန်းဆွက်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ၅ လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။