Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင် ထားဝယ်ရောက်နေစဉ် လောင်းလုံးမြို့၌ ဗုံးပေါက်ကွဲ
DVB
·
November 5, 2022
314597886_1152635445628984_1156480231578825962_n

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ နခံတောရွာ ရပ်ခံတောင်ဘုန်းကြီးကျောင်းနဲ့ သုသာန်နားမှာ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှု တခု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာ ၃ ရက်နေ့ကတည်းက ထားဝယ်မြို့ကို ရောက်ရှိနေစဉ် ထားဝယ်မြို့ကနေ နှစ်မိုင် ဝန်းကျင်ဝေးတဲ့ လောင်းလုံးမြို့မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

နခံတောဘုန်းကြီးကျောင်းအနီးနေထိုင်သူတဦးက “ပေါက်ကွဲပြီး ကျောင်းနံရံတွေမှာ ကျောက်စရစ်တွေ လာစင်သေးတယ်။ ပေါက်ပြီးတော့ ပေါက်ကွဲတဲ့အိတ်ကြီးကို သွားရှင်းကြတာ အလေးကြီးပဲ လယ်ကွင်းထဲသယ်သွားကြတယ်” လို့ ပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူးလို့ သိရပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

နခံတောရွာဟာ ထားဝယ်မြို့နဲ့ နှစ်မိုင်ဝန်းကျင်ဝေးကွာပြီး သောကြာပြင်လမ်းခွဲကနေ ထားဝယ်ရေနက် ဆိပ်ကမ်းရှိတဲ့ ရေဖြူမြို့နယ်၊ အနောက်ဘက်ကမ်းကရွာတွေနဲ့ မြို့နယ်ချင်းဆက် လမ်းပေါက်တဲ့ ကျေးရွာအုပ်စုဖြစ်ပါတယ်။

နိုဝင်ဘာ ၄ ရက်မနက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး၊ စစ်ကောင်စီဝန်ကြီး ၉ ဦးနဲ့ ထားဝယ်မြို့ကို ရောက်ရှိနေပြီး ထားဝယ်မြို့တော်ခန်းမမှာ ခရိုင် စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့သလို နေ့လယ်ပိုင်းမှာ ရေနက်ဆိပ်ကမ်း လုပ်မယ့် နဘုလယ်ဒေသကိုသွားခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အခုခရီးစဉ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့  အာဏာသိမ်းပြီးနောက် ထားဝယ်ဒေသကို ဒုတိယအကြိမ်လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ထားဝယ်ကို ရောက်ရှိနေချိန် ထားဝယ်မြို့တွင်းက အရေးကြီးတဲ့ လမ်းဆုံတိုင်းမှာ လုံခြုံရေးတင်းကျပ်ထားသလို လောင်းလုံးမြို့နယ်နဲ့ ရေဖြူအနောက်ဘက် ကမ်းက ကျေးရွာတွေမှာလည်း ကင်းထောက်စစ်လေယာဉ်တွေ နိုဝင်ဘာ ၃ ရက်ကတည်းက ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

နိုဝင်ဘာ ၂ ရက်ညကလည်း နဘုလယ်ရေနက်ဆိပ်ကမ်းဒေသကို အင်အားအများအပြားနဲ့ ဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာ ၇ ရွာက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024